သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-တရုတ် ကုန်သွယ်ရေးညှိနှိုင်းမှု Trump ချီးကျူး


တရုတ်သမ္မတ ရှီကျင်းပင် နဲ့ အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်၊ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးတို့ ဘီဂျင်းရှိ Great Hall မှာ တွေ့ဆုံကြစဉ်။ (ဖေဖော်ဝါရီ ၁၅၊ ၂၀၁၉)
တရုတ်သမ္မတ ရှီကျင်းပင် နဲ့ အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်၊ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးတို့ ဘီဂျင်းရှိ Great Hall မှာ တွေ့ဆုံကြစဉ်။ (ဖေဖော်ဝါရီ ၁၅၊ ၂၀၁၉)

တရုတ်နဲ့အမေရိကန် ၂ နိုင်ငံအကြား ကုန်သွယ်ရေးတင်းမာမှုတွေကို ဖြေရှင်းနိုင်ဖို့ ၂ ဘက်ညှိနှိုင်းရေးအရာရှိတွေ ဝါရှင်တန်ဒီ စီမြို့တော်မှာ နောက် တပတ်ထဲ တကြိမ် ထပ်တွေ့ကြပါလိမ့်ဦးမယ်။ သမ္မတဒေါ်နလ်ထရမ့်ကတော့ ညှိနှိုင်းမှုတွေ တိုးတက်နေလို့ ချီးမွမ်းနေပါတယ်။

တရုတ်နဲ့ အမေရိကန်အကြား ကုန်သွယ်ရေးဆိုင်ရာ စစ်မှန်တဲ့သဘောတူညီချက်တခုရဖို့ သိပ်ပြီး နီးစပ်နေပြီလို့ အိမ်ဖြူတော်ကသတင်းစာရှင်းလင်းပွဲမှာ သမ္မတထရမ့်က သတင်းထောက်တွေကို မနေ့ကပြောခဲ့ပါတယ်။ တရုတ်သမ္မတရှီကျင်းပင်နဲ့ရော တရုတ်နိုင်ငံနဲ့ပါအမေရိကန်က အနီးကပ် လုပ်ဆောင်နေပြီး ၂ နိုင်ငံဆက်ဆံရေးကလည်း သိပ်ပြီးကောင်းတယ်လို့ သမ္မတထရမ့်ကပြောပါတယ်။

မနေ့ကအစောပိုင်းမှာတုန်းကတော့ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် Robert Lighthizer ၊ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin တို့နဲ့ တရုတ်သမ္မတ ရှီကျင်းပင် တို့ တရုတ်နိုင်ငံမြို့တော်ပေကျင်းမှာ တွေ့ဆုံခဲ့ကြပါတယ်။ လာမယ့် ဆွေးနွေးညှိနှိုင်းမှု လုပ်တဲ့အခါမှာ ၂ နိုင်ငံလုံးအကျိုး ရှိစေမယ့် သဘောတူညီမှုတရပ် ထွက်ပေါ်လာလိမ့်မယ်လို့ တရုတ်သမ္မတရှီကျင်းပင်က မျှော်လင့်ထားတဲ့အကြောင်း တရုတ်အစိုးရပိုင် ရှင်ဟွာသတင်းမှာ ဖေါ်ပြပါတယ်။

၂ နိုင်ငံကုန်သွယ်ရေးမှာ ဖြေရှင်းရခက်ခဲပြီး အရေးပါတဲ့ကိစ္စတွေထဲက တချို့ကို ၂ ရက် ကြာဆွေးနွေးမှုတွေအတွင်း တိုးတက်မှုတွေတချို့ဖြစ်လာအောင် ညှိနှိုင်းနိုင်ခဲ့တယ်လို့ လည်း ရှင်ဟွာသတင်းကဆိုပါတယ်။

တိုးတက်မှုတွေရှိတယ်ဆိုပေမဲ့လည်း လုပ်စရာတွေကတော့ အများကြီးကျန်နေတုန်းပဲလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ နည်းပညာလွှဲပြောင်းမှု၊ ညာဏပစ္စည်း မူပိုင်ခွင့်၊ အင်တာနက်ကတဆင့်ခိုးယူမှုနဲ့ စိုက်ပျိုးရေးဆိုင်ရာကိစ္စတွေကို အမေရိကန်ကိုယ်စားလှယ်အဖွဲ့က အဓိကထားပြီး ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG