သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကုန်ပေါ် အမေရိကန်အခွန် မမျှတဟု WTO ဆုံးဖြတ်


တရုတ်ကုန်ပစ္စည်း အမျိုးအစား အတော်များများကို အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်တဲ့အနေနဲ့ အခွန်တိုးကောက်တာဟာ မှားယွင်းတဲ့ လုပ်ရပ်လို့ WTO ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ကြီးက ဆုံးဖြတ်ခဲ့ပြီး ဒါဟာ ရေရှည်သက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

နေစွမ်းအင်သုံး လျှပ်စစ်အားထုတ် solar ပြားတွေ၊ သံမဏိနဲ့ တခြားထုတ်ကုန်တွေ အပါအဝင် တရုတ်က တင်သွင်းတဲ့ ကုန်ပစ္စည်း အများအပြားကို အမေရိကန်က အခွန်ကောက်ခံရာမှာ နိုင်ငံတကာ ဥပဒေတွေနဲ့ မညီညွတ်တာတွေ့ရတယ်လို့ WTO တရားရေးအဖွဲ့က တနင်္လာနေ့က ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ဒါဟာ တရုတ်ကုမ္ပဏီတွေကို အစိုးရက ထောက်ပံ့မှု ပေးနေတဲ့အတွက် တရုတ်ကုန်ပစ္စည်းတွေ၊ အမေရိကန် ဈေးကွက်ထဲမှာ ဈေးပေါပေါနဲ့ လာပြီးပုံနေတာကို ကာမိအောင် လုပ်ဆောင်တာသာဖြစ်ကြောင်း အမေရိကန်အစိုးရက ပြန်လည်ငြင်းချက်ထုတ်ပါတယ်။ အမေရိကန် ကုန်ပစ္စည်းတွေအတွက် အမေရိကန်အစိုးရက တရားမဝင် ကာကွယ်မှုတွေ လုပ်ပြီး အခွန်ကောက်နေတာကို ၂၀၁၂ ခုနှစ်မှုာ တရုတ်နိုင်ငံက တိုင်တန်းခဲ့တာဖြစ်ပါတယ်။ တရုတ်ကုန်ပစ္စည်းတွေအပေါ် ကောက်ယူမှုဟာ တနှစ်ကို ဒေါ်လာ သန်းပေါင်း ၇,၂၀၀ ကျော် လောက်ရှိနေတာပါ။ အခုလို WTO ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အမေရိကန်ဘက်က ဘယ်လို လျှောက်လဲမယ် ဆိုတာ သဲသဲကွဲကွဲ မသိရသေးပါဘူး။

တရုတ် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကတော့ WTO ရဲ့ ဆုံးဖြတ်ချက်အတွက် ကြိုဆိုလိုက်ပြီး တရားမျှတတဲ့ ပြိုင်ဆိုင်မှုတွေလုပ်ဖို့ အခုလို မှားယွင်းတဲ့ လုပ်ရပ်တွေကို ပြင်ပေးပါလို့ တိုက်တွန်းခဲ့ပါတယ်။ ဒါပေမယ့်လည်း WTO တရားရေးအဖွဲ့က တရုတ်ရဲ့ တိုင်တန်းမှုတချို့ကို ပယ်ချခဲ့တာအတွက်တော့ ဝမ်းနည်းတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG