သုံးရလွယ်ကူစေသည့် Link များ

တောင်တရုတ်ပင်လယ်ကိစ္စ တရုတ်အပြော ပြဿနာရှိဟု အမေရိကန်ဆို

  • ဗွီအိုအေ (မြန်မာဌာန)

အမေရိကန်နဲ့ တရုတ်တို့ရဲ့ နှစ်ပတ်လည်ဆွေးနွေးပွဲကို မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ စတင်ဖို့ လုပ်နေချိန်မှာပဲ တောင်တရုတ်ပင်လယ်ပြင်ထဲမှာ တရုတ်ရဲ့ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားနေမှုတွေဟာ ပြဿနာတရပ်လို့ အမေရိကန်အရာရှိတဦးက ပြောကြားလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ ဘဏ္ဍာရေးဝန်ကြီး Jack Lew တို့ ဦးဆောင်တဲ့ အမေရိကန်အဖွဲ့နဲ့ ဆွေးနွေးပွဲမှာ တရုတ်နဲ့ အိမ်နီးချင်းနိုင်ငံတွေကြား တင်းမာမှုဖြစ်ပွားစေတဲ့ ရေပြင်ပိုင်ဆိုင်မှု ပြဿနာကို အဓိကထား ဆွေးနွေးမယ်လို့ ခန့်မှန်းရပါတယ်။

တောင်တရုတ်ပင်လယ်ပြင်ထဲမှာ nine-dash line လို့ခေါ်တဲ့ နယ်မြေသတ်မှတ်မျဉ်းချပြီး တရုတ်က နယ်မြေပိုင်ဆိုင်ကြောင်း ကြေညာတာဟာ ရှုတ်ထွေးမှုတွေနဲ့အတူ တင်းမာမှုတွေကို ဖြစ်စေတယ်လို့ ဝန်ကြီး Kerry နဲ့အတူ လိုက်ပါလာတဲ့ အမေရိကန် ထိပ်တန်း အရာရှိတဦးက ပြောကြားခဲ့ပါတယ်။

တရုတ်နဲ့ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားနေတဲ့ အိမ်နီးချင်းနိုင်ငံ အများအပြားနဲ့ အမေရိကန် ပြည်ထောင်စုက စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေနဲ့ သံတမန်ရေး ဆက်ဆံမှုတွေပါ တိုးမြှင့်နေပေမဲ့ ဒီအငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်က ဘယ်ဘက်ကိုမှ လိုက်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

အာရှနိုင်ငံ အတော်များများကတော့ တရုတ်ဟာ သူ့ရဲ့ကြီးထွားလာတဲ့ စစ်အင်အားကိုသုံးပြီး ပင်လယ်ပြင်ဒေသ ပိုင်ဆိုင်မှုအတွက် လုပ်ဆောင်နေတယ်လို့ ပြောဆိုကြပါတယ်။

XS
SM
MD
LG