သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အစိုးရအရာရှိတွေနဲ့ NUG ခေါင်းဆောင်တွေ တွေ့ဆုံ


ကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet နဲ့ NUG ရဲ့ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး (Photo: Chollet Twitter)
ကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet နဲ့ NUG ရဲ့ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး (Photo: Chollet Twitter)

NUG ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာဇော်ဝေစိုးဟာ အမေရိကန်အစိုးရမှာ မြန်မာ့အရေး အဓိကကိုင်တွယ်နေသူတွေနဲ့ ဝါရှင်တန်မြို့တော်မှာ အခုရက်ပိုင်း တွေ့ဆုံနေပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet နဲ့ NUG ရဲ့ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးအနေနဲ့ ဇွန်လ ၂၂ ရက်နေ့က တွေ့ဆုံပြီး မိုခါမုန်တိုင်းဒဏ်ခံရသူတွေအတွက် လိုအပ်ချက်တွေအပြင်၊ တခြားအရေးပေါ် အကူအညီလိုအပ်တဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဒေါက်တာဇော်ဝေစိုးက VOA မြန်မာပိုင်းကို ပြောပါတယ်။

"ဆွေးနွေးခဲ့တာတော့ အဓိကပြောတာကတော့ ကျနော်တို့ဘက်က မိုခါအကြောင်းနဲ့ အဓိက urgent လိုအပ်တဲ့ဟာတွေကို ဆွေးနွေးခဲ့တာက အဓိကပေါ့။ ကျန်းမာရေးနဲ့ ပတ်သက်ရင် အရေးပေါ်လိုအပ်ချက်တွေကို ပြောဖြစ်တယ်။ Vaccine အကြောင်းတွေ။ ကိုထင်လင်းအောင်ဆိုရင် ဆက်သွယ်ရေးနဲ့ ပတ်သက်တာတွေ။ သူတို့က Serious ဖြစ်ပါတယ်။ ဒီ meeting က output ထွက်ပြီး၊ အခြေအနေကောင်းတယ်လို့ ယူဆပါတယ်။"

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet နဲ့တွေ့ဆုံရာမှာ အမေရိကန်အခြေစိုက် NUG နိုင်ငံခြားရေးရုံး အကြီးအကဲ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦး၊ NUG ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီး ဦးထင်လင်းအောင်တို့လည်း တက်ရောက်ခဲ့ပါတယ်။ မိုခါဆိုင်ကလုန်းဒဏ်ကြောင့် ထိခိုက်မှုတွေနဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေ ခိုင်မာ စုစည်းရေးကိစ္စတွေကို NUG ခေါင်းဆောင်တွေနဲ့ ထိထိရောက်ရောက် ဆွေးနွေးနိုင်ခဲ့တယ်လို့ အတိုင်ပင်ခံ Derek Chollet ကလည်း သူ့ရဲ့ Twitter လူမှုကွန်ရက်မှာ ရေးတင်ခဲ့ပါတယ်။

ဝါရှင်တန်မြို့တော်ကို ပြီးခဲ့တဲ့ သီတင်ပတ်ထဲက ရောက်နေတဲ့ NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးဟာ အမေရိကန်ငြိမ်းချမ်းရေးအဖွဲ့ USIP တာဝန်ရှိသူတွေနဲ့ သောကြာနေ့ ဇွန်လ ၂၃ ရက်ကလည်း တွေ့ဆုံခဲ့ပါတယ်။ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ထိပ်တန်းအရာရှိတွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ အခုလို အမေရိကန်အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေဟာ အကျိုးရှိသလို NUG အစိုးရအတွက် အထောက်အကူဖြစ်တယ်လို့ သူကပြောပါတယ်။

ဒေါက်တာဇော်ဝေစိုးအနေနဲ့ ဇွန်လ ၂၀ ရက်နေ့က လုပ်ခဲ့တဲ့ Global Fund For Burma မြန်မာဆိုင်ရာကမ္ဘာ့ရံပုံငွေအဖွဲ့ ဆွေးနွေးပွဲမှာလည်း အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Alex Berenberg အပြင် အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီအရာရှိတွေနဲ့အတူ မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ အဓိကစိန်ခေါ်မှုတွေကို ဦးဆောင်ဆွေးနွေးခဲ့ပါတယ်။ ဒေါက်တာဇော်ဝေစိုးဟာ ဝါရှင်တန်ခရီးစဉ်ပြီးရင် နယူးယောက်မြို့ကိုသွားပြီး နောက်ထပ် တွေ့ဆုံမှုတွေ လုပ်သွားမယ့် အစီအစဉ်ရှိတယ်လို့ VOA မြန်မာပိုင်းကို ပြောပါတယ်။

XS
SM
MD
LG