သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပရောက် အမေရိကန်တွေ နိုးနိုးကြားကြား ရှိကြဖို့ သတိပေး


ဥရောပရောက် အမေရိကန်တွေ နိုးနိုးကြားကြား ရှိကြဖို့ သတိပေး
ဥရောပရောက် အမေရိကန်တွေ နိုးနိုးကြားကြား ရှိကြဖို့ သတိပေး

ဥရောပ နိုင်ငံတွေမှာ အကြမ်းဖက်သမားတွေ တိုက်ခိုက်လာနိုင်တဲ့ အန္တရာယ် ရှိတဲ့အတွက် အမေရိကန် နိုင်ငံသားတွေ ဥရောပကို ခရီးသွားမယ်ဆိုရင် နိုးနိုးကြားကြား သတိနဲ့သွားလာဖို့ အမေရိကန် အစိုးရက နှိုးဆော်စာ ထုတ်ပြန်လိုက်ပါတယ်။

ဒီလို ခရီးသွား သတိပေးချက် ထုတ်ပြန်တာဟာ ဥရောပတိုက်က နိုင်ငံတွေ အားလုံးအတွက် ခြုံငုံထုတ်ပြန်တာ ဖြစ်ပြီး ဥရောပက ဘယ်နိုင်ငံအတွက်ဆိုပြီး သီးသန့် သတ်မှတ်ထားတာ မရှိဘူးလို့ ဆိုပါတယ်။

အယ်လ်ကိုင်းဒါး အဖွဲ့အပြင် သူနဲ့ ဆက်နွယ်နေတဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေက အကြမ်းဖက် တိုက်ခိုက်မှုတွေ ဆက်ပြီး လုပ်ဖို့အတွက် စီစဉ်နေကြောင်း မကြာခင်ကမှ သတင်းတွေ ရထားတဲ့အပြင် ဥရောပ နိုင်ငံတွေက တချို့အစိုးရတွေကလည်း အကြမ်းဖက်မှု အန္တရာယ် ရှိနေတယ်လို့ ထုတ်ဖော် ပြောဆိုကြတာကြောင့် အခုလို သတိပေးချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ခရီးသွားတွေ အများဆုံးသုံးတဲ့ လမ်းပန်းဆက်သွယ်ရေး စနစ်တွေနဲ့ တခြား ခရီးသွား အဆောက်အဦး တွေဟာ အကြမ်းဖက်သမားတွေ တိုက်ခိုက်တတ်တဲ့ နေရာတွေ ဖြစ်တာမို့ အမေရိကန် နိုင်ငံသား ခရီးသွားတွေအတွက် ဒီလိုနေရာမျိုးတွေမှာ သတိကြီးကြီးထားပြီး သွားလာဖို့အတွက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက သတိပေးထားပါတယ်။

ဒီ ခရီးသွား သတိပေးချက်ကြောင့် အမေရိကန် နိုင်ငံသားတွေ အားလပ်ရက် ခရီးထွက်ဖို့ စီစဉ်မှုတွေနဲ့ ဥရောပ ခရီးသွားဖို့ စီစဉ်ထားတာတွေအတွက် ခရီးစဉ်တွေ ဖျက်သိမ်းတတ်တာမျိုးတွေ ရှိလာနိုင်ပါတယ်။

ဥရောပတိုက်မှာရှိတဲ့ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမဏီနိုင်ငံက မြို့ကြီးတွေမှာ ပါကစ္စတန် အခြေစိုက် စစ်သွေးကြွ အဖွဲ့တွေက အကြမ်းဖက် တိုက်ခိုက်မှုမျိုးတွေ လုပ်ဖို့အတွက် ကြံစည်နေကြောင်း မကြာခင်ရက်တွေ အတွင်းက ဖော်ထုတ်နိုင်ခဲ့တယ်လို့ အနောက်တိုင်း ထောက်လှမ်းရေး အရာရှိတွေက ပြောပါတယ်။

XS
SM
MD
LG