သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရဲ့ထိစပ်ရေးမူဝါဒ မြန်မာ့ဒီမိုကရေစီအတွက် အကူအညီဖြစ်


အမေရိကန်ရဲ့ထိစပ်ရေးမူဝါဒ မြန်မာ့ဒီမိုကရေစီအတွက် အကူအညီဖြစ်
အမေရိကန်ရဲ့ထိစပ်ရေးမူဝါဒ မြန်မာ့ဒီမိုကရေစီအတွက် အကူအညီဖြစ်

မြန်မာနိုင်ငံနဲ့ စေ့စပ်ဆွေးနွေးရေးလုပ်နေတဲ့ အမေရိကန်အစိုးရ မူဝါဒတွေဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြောင်းအလဲတွေ ဖြစ်လာအောင် လုပ်နေတာဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလရီကလင်တန်နဲ့ တွေ့ဆုံပြီးတဲ့နောက်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောလိုက်တာဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဗွီအိုအေသတင်းထောက် Daniel Schearf ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားတာကို ကိုရန်နိုင်က တင်ပြထားပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလရီကလင်တန်ကို မနေ့က သောကြာနေ့တုန်းက တွေ့ဆုံခဲ့ပြီး အခုချိန်ဟာ မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံစလုံးအတွက် သမိုင်းဝင်အချိန်ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကို သူမရဲ့နေအိမ်မှာ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် နှစ်ပေါင်း ၅၀ ကျော်အတွင်း မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်လာခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ခရီးစဉ်က နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနဲ့ နားလည်မှုတွေကို အပြန်အလှန် ဖြစ်လာစေဖို့ မျှော်လင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောလိုက်ပါတယ်။ အမေရိကန်ရဲ့ သံတမန်ရေး ဆက်ဆံမှုတွေက မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖြစ်ပေါ်လာအောင် အကူအညီ ပေးနေတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ထိတွေ့ဆက်ဆံမှုတွေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ တိုးတက် ကောင်းမွန်အောင် လုပ်သွားဖို့ ကျမတို့ မျှော်လင့်ပါတယ်။ ဒီ ထိတွေ့ဆက်ဆံမှုတွေကြောင့် ကျမတို့ ရှေ့လျှောက်လုပ်ရမယ့် လုပ်ငန်းတွေကို ပိုပြီးတော့ ရှင်းရှင်းလင်းလင်း မြင်နိုင်မှာဖြစ်သလို ရှေ့ဆက်သွားမယ့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေမှာ ယုံကြည်မှုလည်း ပိုပြီးတော့ ရစေမှာဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစတင်ပြီး အမေရိကန် အစိုးရက မြန်မာအစိုးရနဲ့ ဆက်ဆံမှုတွေ သိပ်မလုပ်တော့ဘဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ်မှာ စီးပွားရေးအရ ဒဏ်ခတ် ပိတ်ဆို့တာတွေ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သမ္မတအိုဘားမားအစိုးရ တက်လာချိန်ကစပြီး ဒဏ်ခတ်ပိတ်ဆို့မှု တွေနဲ့အတူ စေ့စပ်ဆွေးနွေးတဲ့ မူဝါဒ နှစ်ခုစလုံးကို တွဲလုပ်လာခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်ဟာ သူသမ္မတ ဖြစ်လာပြီးတဲ့နောက် မြန်မာနိုင်ငံတွင်း လွတ်လပ်ခွင့်တွေ ပိုပေးလာသလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တိုက်ရိုက် ဆွေးနွေးပြောဆိုတာတွေ လုပ်တာနဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ကို ပြန်လွှတ်ပေးပြီးတော့ ဝေဖန်သူတွေကို အံ့အားသင့်အောင် လုပ်ခဲ့ပါတယ်။

မြန်မာအာဏာပိုင်တွေဘက်က အခုမကြာသေးခင်က ဖွင့်ပေးလိုက်တာတွေဟာ အားပေးရမယ့် အခြေအနေတွေ ဖြစ်ပြီး သူမရဲ့ ခရီးစဉ်က ဒီမိုကရေစီကိုရည်မှန်းပြီး ရှေ့ဆက်ရမယ့် လမ်းကြောင်းကို ရှာဖွေဖို့ ဖြစ်တယ်လို့ ဝန်ကြီးကလင်တန်က ပြောပါတယ်။

“အမေရိကန်အနေနဲ့ မြန်မာနိုင်ငံနဲ့ မိတ်ဖက်နိုင်ငံ ဖြစ်ချင်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖော်ဆောင်ရေးတွေ ဆက်ပြီးလုပ်သွားပြီး နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွှတ်ပေးတာ၊ တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ အဆုံးသတ်သွားတာ၊ လွတ်လပ် တရားမျှတပြီး လက်ခံနိုင်လောက်တဲ့ ရွေးကောက်ပွဲတွေ လုပ်သွားတာနဲ့အမျှ ကျမတို့ဘက်ကလည်း ရှင်တို့နဲ့အတူ ဆက်ပြီးတော့ အလုပ်လုပ်သွားချင်ပါတယ်။”

ဒါ့အပြင် တိုင်းရင်းသားလူနည်းစုဒေသတွေက တိုက်ပွဲတွေအဆုံးသတ်ဖို့ နဲ့ တရားဥပဒေစိုးမိုးရေး တည်ဆောက်ဖို့အတွက် ပိုပြီးတော့ ကြိုးပမ်းလုပ်ဆောင်သွားဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အလေးပေးပြောကြားခဲ့ပါတယ်။

“ကျမတို့အနေနဲ့ - ပထမဆုံးက - အကျဉ်းထောင်တွေအတွင်းမှာ ဆက်ပြီးတော့ရှိနေတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ ပြန်လွတ်လာဖို့နဲ့ အနာဂတ်မှာလည်း ယုံကြည်ချက်ကြောင့် နောက်ထပ် အဖမ်းခံရတာတွေ ဖြစ်မလာဖို့ လိုအပ်ပါတယ်။ ဒါကြောင့် တရားဥပဒေစိုးမိုးမှု ရှိလာဖို့အတွက် ကျမတို့ အလေးပေး ပြောဆိုနေရတာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ တခြား မိတ်ဆွေနိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု ရှိလာနိုင်ဖို့အတွက် အကူအညီ ပေးလာနိုင်လိမ့်မယ်လို့လည်း ကျမအနေနဲ့ စိတ်ချယုံကြည်ထားပါတယ်။”

မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် အများကြီးလုပ်သွားဖို့ လိုနေသေးပြီး ဒီအတွက် အမေရိကန် အနေနဲ့လည်း အကူအညီ ပေးသွားချင်တယ်လို့ ဝန်ကြီးကလင်တန်က ပြောပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဝန်ကြီးကလင်တန်က ချီးကျူးစကား ပြောဆိုသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အားကျအတုယူစရာကောင်းတဲ့သူ တစ်ယောက်ဖြစ်ကြောင်း၊ တိုင်းပြည်နဲ့ ပြည်သူလူထု တရပ်လုံးအတွက် ရပ်တည်ပြီး လုပ်ဆောင်ပေးနေတယ် ဆိုတာကို သိတယ်လို့ ဝန်ကြီးကလင်တန်က ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာပြည်သူတွေဟာလည်း နှစ်ပေါင်းများစွာအတွင်း အခက်အခဲအမျိုးမျိုးကို သတ္တိရှိရှိ ရဲရဲရင့်ရင့် ရင်ဆိုင်ခဲ့ကြတာဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့အလယ်မှာ ရှိသင့်ရှိထိုက်တဲ့နေရာကို ပြန်ရောက်လာတာမျိုးကို မြင်ချင်တယ်လို့လည်း သူမက ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံကို နှစ်ရက်ကြာသွားရောက်ခဲ့တဲ့ သူမရဲ့ ခရီးစဉ်အတွင်းမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလရီကလင်တန်ဟာ သမ္မတဦးသိန်းစိန် အပါအဝင် မြန်မာအစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး အခုလက်ရှိလုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ထပ်ပြီးတော့ တိုးချဲ့လုပ်ဆောင်သွားဖို့ တိုက်တွန်းခဲ့ပါတယ်။

XS
SM
MD
LG