သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အအေးလွန်ကဲမှုကြောင့် အမေရိကန်မြို့ကြီးတွေမှာ သတိပေးချက်ထုတ်ပြန်


မြောက်ဝင်ရိုးစွန်းဖက်က အေးခဲလှတဲ့လေတွေ ဝင်ရောက်လာတဲ့ဒဏ်ကြောင့် အမေရိကန်ပြည်ထောင်စု မြို့တော်တော်များများမှာ အင်္ဂါနေ့တုန်းက ပုံမှန်ထက်ကို အေးခဲရာသီဥတု အခြေအနေ ဖြစ်ခဲ့ပါတယ်။

အသက်အန္တရာယ် ရှိတဲ့အထိကို အေးတဲ့ ဒေသတွေမှာဆိုရင် လူတွေကို အိမ်အပြင် မထွက်ကြဖို့အထိ သက်ဆိုင်ရာက သတိပေးနေပါတယ်။ အပူချိန် ၀ အောက် အနှုတ် ဒီဂရီ Celsius အထိ အေးနေတဲ့နေရာတွေမှာ အအေးဒဏ်ခံနိုင်အောင် ဘယ်လို ပြင်ဆင် ရင်ဆိုင်နေကြသလဲဆိုတာကို မစုမြတ်မွန်က တင်ပြထားပါတယ်။

ပုံမှန်အားဖြင့် မြောက်ဝင်ရိုးစွန်း ဒေသတဝိုက်မှာရှိတဲ့ အေးခဲလှတဲ့ လေအေးလှိုင်းကြီး အမေရိကန်ပြည်ထောင်စုဘက်ကို ဝင်ရောက်လာတဲ့အတွက် အမေရိကန်က မြို့အများစုမှာ အေးခဲတဲ့ဒဏ်ကို အင်္ဂါနေ့က ခံခဲ့ကြရပါတယ်။ ဝါရှင်တန်ဒီစီ မြို့တော်မှာဆိုရင် အင်္ဂါနေ့ နေ့လည်ပိုင်းက အပူချိန်ဟာ အနှုတ် ၈ ဒီဂရီ Celsius လောက် ရှိပါတယ်။

ပုံမှန်အားဖြင့် နွေးတဲ့ရာသီဥတုရှိတဲ့ ဖလော်ရေဒါပြည်နယ်၊ တက္ကဆက်ပြည်နယ် တောင်ပိုင်းဘက်မှာတောင် အပူချိန်ဟာ ပုံမှန်ထက်ကို ၂၀ ဒီဂရီအောက် ရောက်မယ်လို့ မိုးလေဝသ ခန့်မှန်းသူတွေက ပြောပါတယ်။

မြို့တော်တော်များများမှာ ကျောင်းတွေ၊ ရုံးတွေကို ပိတ်ထားရပြီး အထူး သတိပေးချက်တွေကိုလည်း ထုတ်ပြန်ထားရပါတယ်။ လေအေးတွေ တိုက်နေတာကြောင့် တကယ်ရှိနေတဲ့ အပူချိန်ထက်ကို ပိုပြီး အေးခဲနေတယ်လို့ ခံစားနေရတာကို အမေရိကန်ပြည်ထောင်စု မြောက်ပိုင်းမှာရှိတဲ့ နယူးယောက်ပြည်နယ်ထဲက Buffalo မြို့မှာနေတဲ့ ကိုမျိုးသန့်က အခုလို ပြောပြပါတယ်။

“အခုလောလောဆယ် ရာသီဥတု အအေးဒဏ်က Celsius - 16 ဖြစ်နေတယ်။ ဒါပေမဲ့ တကယ်တမ်းခံစားရတဲ့နှုန်းက အနှုတ် ၄၀ အထိကို အေးမယ်လို့ သူတို့ပြောနေကြပါတယ်။ လောလောဆယ် လေက အရမ်းတိုက်တယ် တနာရီကို မိုင် ၃၀ နှုန်းနဲ့ တိုက်နေတယ်။ နှင်းနဲ့လေနဲ့က ရောနေတဲ့အခါကျတော့ အပြင်ကို မမြင်ရဘူး။ ဝါးတလံလောက်ပဲ မြင်ရတယ်။ အဲ့ဒီကကျော်ပြီးတော့ ရှေ့မှာ ဘာမှမမြင်ရဘူး။ လောလောဆယ် ကားအသွားအလာ၊ လမ်းလျှောက်တဲ့လူ ဘယ်သူမှ ဘာမှမရှိဘူး။ အကုန်လုံးက ဖြူဖြူကြီးဖြစ်နေတယ်။ Snow က အနိမ့်ဆုံး ၃ ပေအထိ ကျလိမ့်မယ်။ အဲ့ဒီအတိုင်းလည်း Snow တွေက တောက်လျှောက်ကျနေတယ်။ မနက်ဖြန်မနက် ၆ နာရီအထိ အဲ့ဒီမုန်တိုင်းက တောက်လျှောက်သွားလိမ့်မယ်လို့ သူတို့ပြောတယ်။ အဲ့ဒီအတိုင်းလည်း အခု ဖြစ်နေပါတယ်။ နောက်တခုက မနက်ဖြန် ၆ နာရီပြီးသွားတာနဲ့ သူတို့ Lake Attacks Snow ဆိုပြီး သူတို့ပြောတယ်။ အဲ့ဒါက ကန်ကြီးအကြီးကြီးရှိတယ် ကျနော်တို့နားမှာ။ အဲ့ဒီကန်ကြောင့်ဖြစ်တဲ့ နှင်းမုန်တိုင်း ထပ်လာလိမ့်မယ်။ အဲ့ဒါက ၁ နာရီကို ၄ လက်မ ကျလိမ့်မယ်။”

အခုလို ရာသီဥတုအခြေအနေကြောင့် ကလေး လူကြီးသာမက အိမ်မွေးတိရစ္ဆာန်တွေကိုပါ အိမ်ပြင်မထွက်ကြဖို့ တာဝန်ရှိသူတွေက ကြိုတင် သတိပေးထားပါတယ်။

“ပြီးခဲ့တဲ့ နှစ်ရက် သုံးရက်ကတည်းက ကနေဒါမြောက်ဘက်ပိုင်းက အအေးက အောက်ဘက်အထိ ဆင်းလာမယ်ဆိုတာ သူတို့ ခန့်မှန်းထားတယ်။ ခန့်မှန်းထားတဲ့အတွက် ကြိုပြီးတော့ပေါ့နော် အရေးပေါ် ခရိုင်အဆင့်ရော၊ ပြည်နယ်အဆင့်ရော သူတို့ အရေးပေါ် ကြေညာတဲ့ ခရီးမသွားဖို့၊ နောက်တခါ ကျန်းမာရေးအတွက်ရော၊ အသက်အန္တရာယ်အထိပါ ရှိတယ်ပေါ့နော်။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ ကလေးတွေ၊ အသက်ကြီးတဲ့သူတွေ၊ မကျန်းမာတဲ့သူတွေ၊ နောက် အိမ်မွေးတိရစ္ဆာန်တွေကအစ အပြင်မထွက်ဖို့ သူတို့ ကြေညာတယ်။ နောက်တခါ ကျောင်းတွေ၊ အလုပ်တွေ၊ အစိုးရရုံးတွေကအစပေါ့နော် ပိတ်တယ်ဆိုတာကို ကြိုပြီးတော့ ကြေညာတယ်။ နောက်တခါ Snow ကို သူတို့ ဘယ်လိုမျိုး ရှင်းမလဲပေါ့ ပြင်ဆင်ထားတာတွေ အပြည့်အစုံ သူတို့ လုပ်ထားပါတယ်။”

အင်ဒီးယားနားပြည်နယ်မှာဆိုရင်လည်း အအေးဒဏ်ကြောင့် ကျထားတဲ့ နှင်းတွေကလည်း မပျော်သေးဘူးလို့ Fort Wayne မြို့မှာနေတဲ့ မသင်းအေးချိုက ပြောပြပါတယ်။

“ဒီနေ့ Celsius ဆိုရင်တော့ အခု လောလောဆယ် အနှုတ် ၁၈ - ၂၀ လောက်ရှိမယ်။ နှင်းက တနင်္ဂနွေနေ့က ၁ ပေလောက် ကျထားတာဆိုတော့ ရာသီဥတု အရမ်းအေးတော့ အဲ့ဒီနှင်းတွေက မပျော်တော့ဘူး။ မပျော်တဲ့အခါ လမ်းတွေဆိုရင်လည်း သူတို့ Snow ခြစ်ပေးတဲ့အခါ ဘေးတွေမှာ နှင်းပုံ ကြီးတွေ ဖြစ်နေတာပေါ့။ အိမ်ရှေ့တွေ ဘေးတွေဆိုရင်လည်း နှင်းတွေ မခြစ်နိုင်တော့ အရမ်းအေးလွန်းလို့ ထွက်မခြစ်နိုင်တော့ နှင်းက ဒီအအေးနဲ့ကတော့ ဘယ်လိုမှ ပျော်ဖို့ဆိုတာ မရှိဘူး။”

အခုလိုဖြစ်မယ်ဆိုတာ ကြိုတင်သတိပေးထားလို့ ဒေသခံတွေဘက်ကလည်း အအေးဒဏ်ခံနိုင်ကြဖို့ ကြိုတင် ပြင်ဆင်ထားကြပါတယ်။

“ပြီးခဲ့တဲ့တပတ် ကြာသပတေးလောက်ကတည်းက သူတို့ တီဗွီမှာလည်း ကြေညာတယ်။ နောက်ပြီးတော့ သတင်းတွေမှာကော သတင်းစာတွေမှာကော အားလုံးကို ကြေညာတယ်လေ။ အစားအသောက်တွေ၊ အဝတ်အထည်၊ စောင်တွေပေါ့နော် ရေတို့ဘာတို့ အဆင်သင့် စုထားကြဖို့ အကုန်လုံး သူတို့ ကြေညာထားတယ်။ အရမ်းအေးမယ်ပေါ့ တနင်္လာနေ့မှာ။ တနင်္ဂနွေမှာ Snow ကျမယ် သူတို့ အဲ့လိုပြောတော့ အမတို့လည်း ပထမရက်ကတည်းက ကြိုတင်ပြီး အားလုံး ဝယ်ထားတယ်။ ဒီမှာ ဈေးဆိုင်တွေဆိုရင်လည်း လူတွေ အပြည့်ပဲ။ အများကြီးပဲ ဝယ်ကြတာမှ ကြာသပတေး၊ သောကြာနေ့လောက်ကတည်းက စပြီးတော့။ ကိုယ်လည်း အဆင်သင့်လုပ်ထားရတာပေါ့ ဒီက ရာသီဥတုဒဏ်ကို ခံနိုင်ဖို့အတွက်။ တတ်နိုင်ရင် အိမ်ထဲမှာပဲနေဖို့ အမတို့ကို ပြောထားတယ်လေ။”

“သူတို့အကြံပြုထားတာက ပုံမှန်ထက်ပိုပြီး Heat ကို မြှင့်ထားပါလို့ သူတို့ပြောတယ်။ ဘာကြောင့်လဲဆိုတော့ ရေပိုက်တွေက ခဲသွားနိုင်လို့တဲ့။ ရေပိုက်တွေ ခဲသွားတဲ့အခါကျရင် ရေမလာတာတွေ၊
နောက် ရေကြီးတာတွေ များလာပြီး အဲ့ဒီရေထဲကို အေးတဲ့အတွက် ပြန်ခဲတာတွေ အဲ့လိုမျိုးပြဿနာတွေ တောက်လျှောက်ဖြစ်လာနိုင်တယ်။ အဲ့ဒီအတွက်ကြောင့် ရေပိုက်ခေါင်းကို ပုံမှန် နည်းနည်းလေး ဖွင့်ထားပြီးတော့ ရေကို ဆက်တိုက်လာအောင် လုပ်ထားပြီးတော့ အပူချိန်ကို အပူစက်ကို မြှင့်ထားပေးဖို့ သူတို့ အဲ့ဒါကို အကြံပြုတယ်။ အဲ့ဒီအတိုင်းပဲ ကျနော်တို့ နေနေတာပေါ့လေ အခု လောလောဆယ်မှာ။”

မြောက်ဝင်ရိုးစွန်းဘက်ကလာတဲ့ လေအေးလှိုင်းကြီးရဲ့ အအေးဒဏ်က ပုံမှန်နှင်းမုန်တိုင်းထက်ကို နေရာဒေသ ကျယ်ကျယ်ပြန့်ပြန့်မှာ ခံကြရပါတယ်။ အမေရိကန်မှာတော့ ဒီသီတင်းပတ်နှောင်းပိုင်းကျရင် ရာသီဥတု ပုံမှန် ပြန်ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။
XS
SM
MD
LG