သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်အရေးနှစ်ဖက်လုံးညှိုနှိုင်းဖြေရှင်းကြဖို့အမေရိကန်တိုက်တွန်း


Afghan schoolchildren sit outdoors at an open classroom in Ghazni.
Afghan schoolchildren sit outdoors at an open classroom in Ghazni.
ကချင် စစ်ရေး အဆုံးသတ်ရေး မြန်မာ အစိုးရရော ကချင်သူပုန်တွေကပါ ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်ကြဖို့ အမေရိကန် ပြည်ထောင်စုက တိုက်တွန်းလိုက်ပါတယ်။ သိန်းနဲ့ချီ ရှိတဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရသူတွေကိုလည်း လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ပေးခွင့်ပြုဖို့ မြန်မာ အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ မသိင်္ဂ ီထိုက်က တင်ပြထားပါတယ်။

ကချင် ဒေသ အပေါ် မြန်မာ အစိုးရတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်မှု အရှိန်မြင့်လာတာနဲ့ အမျှ နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေလည်း တိုးလာပါတယ်။ တချိန်တည်းမှာဘဲ အမေရိကန် ပြည်ထောင်စု ကလည်း မြန်မာ အစိုးရရော ကချင်လွတ်လပ်ရေး တပ်မတော် ကေအိုင်အေကိုပါ စစ်ရေး ပဋိပက္ခကို အဆုံးသတ်ရေး လုပ်ဆောင်ကြဖို့ တိုက်တွန်းနေပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Victoria Nuland က တနလာၤနေ့တုန်းက အခုလို ပြောပါတယ်။

"အမေရိကန်ရဲ့ မူဝါဒနဲ့ ပတ်သက်လို့ကတော့ အပြောင်းအလဲ မရှိပါဘူး။ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းပေးခဲ့တာဟာ ရှင်းရှင်းလင်းလင်း ပြောရရင် တိုးတက်ဖြစ်ထွန်းမှုတွေ ဆက်ပြီး ဖြစ်ပေါ်နေအောင် အခြေအနေ ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ ဒီ ကချင်စစ်ရေး ပဋိပက္ခဟာလည်း ကျမတို့ စိုးရိမ်တကြီး လုပ်ဆောင်နေတဲ့ ကိစ္စရပ်တခု ဖြစ်ပါတယ်။ နှစ်ဘက်စလုံးကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ ကျမတို့ တိုက်တွန်းနေပါတယ်။"

မြန်မာ အစိုးရဟာ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတာ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်လာတာလို ပြုပြင်ပြောင်းလဲမှုတွေကြောင့် အမေရိကန် အစိုးရက ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလို တိုးတက်မှုတွေ ဆက်ပြီး ဖြစ်ပေါ်လာအောင် တွန်းအားပေးတဲ့ အနေနဲ့ ရုပ်သိမ်းခဲ့တာ ဖြစ်တယ်လို့လည်း သူမက ပြောပါတယ်။ ကချင်ဒေသ စစ်ရေးကိုလည်း အဆုံးသတ်နိုင်ဖို့ အမေရိကန် ပြည်ထောင်စုက တိုက်တွန်းပါတယ်လို့လည်း သူမက ပြောပါတယ်။

"ထပ်ပြောပါရစေဦးရှင်။ နှစ်ပေါင်းများစွာ ကတည်းက ကချင်ဒေသမှာ စစ်ရေး ပဋိပက္ခတွေက ဖြစ်လိုက် ၊ရပ်သွားလိုက် ဖြစ်နေတာပါ။ မြန်မာ အစိုးရနဲ့ တိုင်းရင်းသား အုပ်စုတွေ တွေ့ဆုံဆွေးနွေးပြီး တစိတ်တပိုင်း ရှေ့တိုးလုပ်ဆောင်နိုင်တာမျိုး စီးပွားရေးနဲ့ နိုင်ငံရေး မကျေလည်မှုတွေကို အရေးယူ လုပ်ဆောင်နိုင်ခဲ့သလိုမျိုး ကချင် အနေနဲ့လည်း ဒီ တိုင်းရင်းသား လူနည်းစုတွေနည်းတူ လုပ်ဆောင်စေချင်တာဘဲ ဖြစ်ပါတယ်။ ဒါက ကချင်ဒေသမှာ ကျမတို့ ဖြစ်စေချင်တဲ့ ကိစ္စပါ။ ဒါ့အပြင် နှစ်ဘက်လုံးကနေ ပဋိပက္ခတွေကို ရပ်ဆိုင်းကြဖို့လည်း တောင်းဆိုနေပါတယ်။"

မြန်မာ အစိုးရနဲ့ ကချင် လွတ်လပ်ရေး တပ်မတော် ကေအိုင်အေတို့ အနေနဲ့ တွေ့ဆုံဆွေးနွေးကြဖို့နဲ့ အရပ်သားတွေကို လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူတွေ ပေးခွင့်ပြုဖို့လည်း မြန်မာ အစိုးရကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တိုက်တွန်းလိုက်ပါတယ်။

"အမေရိကန် ပြည်ထောင်စု အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ တခြား လူနည်းစု တိုင်းရင်းသား ဒေသတွေက ကိစ္စရပ်တွေ အပေါ်မှာ တလျှောက်လုံး စိုးရိမ်မှုတွေကတော့ တိုးနေပါတယ်။ မြန်မာ အစိုးရကိုလည်း အရပ်သားတွေ အတွက် လိုအပ်တဲ့ အထောက်အကူတွေကို ကုလအဖွဲ့အစည်းတွေလို အဖွဲ့တွေကနေ အနှောင့်အယှက်ကင်းကင်း ပေးခွင့်ပြုဖို့ ကျမတို့ ဆက်ပြီး တိုက်တွန်းနေပါတယ်။"

မြန်မာ အစိုးရကတော့ ကချင်လွတ်လပ်ရေး တပ်မတော် ကေအိုင်အေ ထိန်းချုပ်ရာ ဒေသဘက်က စစ်ကြောင့် အိုးအိမ်စွန့် ထွက်ပြေးကြသူတွေကို လုံခြုံရေး အကြောင်းပြချက်နဲ့ ကုလ အပါအဝင် နိုင်ငံတကာ အထောက်အပံ့တွေ ပေးခွင့် ပိတ်ထားတာပါ။ လတ်တလောမှာတော့ မြန်မာ အစိုးရ တပ်တွေက လေကြောင်း၊ ခြေလျင်တပ်တွေနဲ့ ကေအိုင်အေ ဌာနချုပ် လိုင်ဇာ အနီးမှာ အပြင်းအထန် ထိုးစစ်ဆင်နေဆဲ ဖြစ်ပါတယ်။ လိုင်ဇာဒေသမှာတော့ ဒေသခံတွေ အပြင် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေသူလည်း ၆ သောင်းကျော် ရှိနေတယ်လို့ အကူအညီပေးနေသူတွေက ဆိုပါတယ်။
XS
SM
MD
LG