သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာရေးအကြမ်းဖက် ပျံ့နှံ့မှု အမေရိကန် စိုးရိမ်


Patrick Ventrell
Patrick Ventrell
လွန်ခဲ့တဲ့ မတ်လ ၂၀ ရက်နေ့စလို့ ၃ ရက်ကြာ အကြမ်းဖက်မှုတွေဖြစ်ပြီး သေဆုံးသူ ၄၀ ရှိခဲ့တဲ့ မန္တလေးတိုင်း မိတ္ထီလာမြို့မှာ ပုဒ်မ ၁၄၄ နဲ့ စစ်အုပ်ချုပ်ရေးထုတ်ပြီး ထိန်းသိမ်းနေ ချိန်မှာပဲ မတည်မငြိမ် အခြေအနေတွေဟာ တခြားမြို့တွေဆီကိုပါ ပျံ့နှံ့ခဲ့တဲ့အတွက် နိုင်ငံ တကာရဲ့ စိုးရိမ်မကင်း ဖြစ်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒီအကြမ်းဖက် တိုက်ခိုက်မှုတွေမှာ ပါဝင်ကျူးလွန်သူတွေကို ဖမ်းဆီးပြီး ဥပဒေအရ အပြစ်ပေး အရေးယူပါလို့ ကုလသမဂ္ဂ က တိုက်တွန်းထားသလို၊ ပဋိပက္ခတွေ ပျံ့နှံ့လာ တဲ့အပေါ် စိုးရိမ်တဲ့အကြောင်း အမေရိကန် ပြည်ထောင်စုက မတ်လ ၂၆ ရက်နေ့က တိုက်တွန်းခဲ့ပါတယ်။

အထူးသဖြင့် ခုသီတင်းပတ်အစောပိုင်းက ရန်ကုန်မြို့နဲ့ မိုင် ၅၀ လောက်ပဲဝေးတဲ့ ပဲခူးမြို့ အနောက်ဘက်ခြမ်းက ကြို့ပင်ကောက်၊ အုတ်ဖိုနဲ့ မင်းလှမြို့နယ်တွေမှာ ဗလီဝတ်ပြုကျောင်းတွေကို မီးရှို့ဖျက်ဆီးတာ၊ နေအိမ်နဲ့ ဆိုင်ခန်းတွေကို ဖျက်ဆီးလာကြတာတွေကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပါတယ်။

ပြည်မြို့မှာောတ့ ဒေသခံလူငယ်တွေ စုဝေးပြီး လုံခြုံရေး ယူထားကြတယ်လို့ ဒေသခံ
တွေက ပြောပါတယ်။ အုတ်ဖိုမြို့မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုမှာ ပါဝင်ခဲ့တယ်လို့ သံသယရှိသူ ၅ ဦးကို ဖမ်းဆီးထားတဲ့အကြောင်း မနေ့ကထုတ်တဲ့ အစိုးရ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ဗုဒ္ဓဟူးနေ့မနက်မှာလည်း ဇီးကုန်းနဲ့ နတ္တလင်းမြို့နယ်တွေမှာ ဗလီနဲ့ လူနေအိမ်တွေ မီးရှို့ခံခဲ့ရပါတယ်။ အခုလို အကြမ်းဖက်မှုတွေ ပျံ့နှံ့လာတဲ့အပေါ် အမေရိကန် နိုင်ငံ
ခြားရေးဌာနက စိုးရိမ်မကင်းဖြစ်ကြောင်း ပြောပါတယ်။

လက်ထောက်ယာယီ ပြောခွင့်ရပုဂ္ဂိုလ် ပတ်ထရစ် ဗန်ထရယ်လ် (Patrick Ventrell) က တရားဥပဒေနဲ့အညီ ကိုင်တွယ်ဖြေရှင်းဖို့ မနေ့က ထပ်မံတိုက်တွန်းခဲ့ပါတယ်။

“မြန်မာနိုင်ငံအလယ်ပိုင်းမှာ ဘာသာရေး အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့အတွက် အမေရိကန် ပြည်ထောင်စုအနေနဲ့ လွန်စွာပဲ စိုးရိမ်မကင်း ဖြစ်မိပါတယ်။ မနေ့ညက သတင်းတွေအရ ရန်ကုန်မြောက်ပိုင်း မိုင် ၉၀ အကွာမှာရှိတဲ့ နတ္တလင်းမှာ နောက်ထပ် ဗလီတခုနဲ့ နေအိမ်တချို့ မီးရှို့ခံခဲ့ရတယ်ဆိုတဲ့ သတင်းတွေ ရပါတယ်။ အခုလိုမျိုး အကြမ်းဖက် ခံခဲ့ရသူတွေအတွက် အလွန်ပဲ စိတ်မကောင်းပါဘူး။ ဒါကြောင့်မို့လို့ မြန်မာ အာဏာပိုင်တွေအနေနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေးအတွက် ထိန်းသိမ်းတဲ့နေရာမှာ လူ့အခွင့်အရေးကို လေးစားလိုက်နာပြီးတော့ ဥပဒေအတိုင်း ဆောင်ရွက်ပါ။ အိုးအိမ်မဲ့ဖြစ်သူတွေကိုလည်း အကူအညီတွေပေးပါ။ ဒီလို လုပ်ဆောင်ပေးဖို့က စစ်တပ်ရဲ့ အခန်းကဏ္ဍပဲ ဖြစ်ပါတယ်။”

အကြမ်းဖက်မှုတွေကြောင့် ဘေးဒဏ်သင့်ရသူတွေအတွက် လိုအပ်တဲ့ အကူအညီတွေ
ပေးဖို့ အမေရိကန် ဒေါ်လာ ၁ သိန်း လှူဒါန်းမယ့်အကြောင်းလည်း အမေရိကန်သံရုံး က ကြေညာထားပါတယ်။

အခုလို မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ပျံ့နှံ့လာတဲ့အတွက်ကြောင့် မြန်မာနိုင်ငံတွင်း ခရီးသွားလာမှုတွေမှာ သတိထားဖို့၊ အကြမ်းဖက်မှု ဖြစ်နိုင်ဖွယ်ရှိတဲ့ နေရာတွေကို သွားတာလာတွေ ရှောင်ရှားဖို့ အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ တိုင်ဝမ် တို့က သူတို့ရဲ့ သက်ဆိုင်ရာ နိုင်ငံသားတွေကို ခရီးသွား သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
XS
SM
MD
LG