သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းထဲ ရုရှားယာဉ်တန်း ဝင်ရောက်မှု ကန် ဝေဖန်


ယူကရိန်းနိုင်ငံထဲ ဝင်ရောက်လာတဲ့ ရုရှားယာဉ်တန်းများ။
ယူကရိန်းနိုင်ငံထဲ ဝင်ရောက်လာတဲ့ ရုရှားယာဉ်တန်းများ။

ယူကရိန်း အစိုးရရဲ့ တရားဝင် ခွင့်ပြုချက်မရဘဲနဲ့ ယူကရိန်းနိုင်ငံထဲကို ရုရှားဘက်ကနေ လူသားချင်း စာနာတဲ့ အကူအညီပေးရေး ယာဉ်တန်း ဝင်တာဟာ ယူကရိန်းနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်တယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ပြောလိုက်ပါတယ်။ ရုရှားနိုင်ငံအနေနဲ့ ယူကရိန်းအရှေ့ခြမ်းကနေ ယာဉ်တန်းတွေကို ဖယ်ရှားရင်ဖယ်ရှား မဖယ်ရှားဘူးဆိုရင် အဲဒီအကျိုးဆက်တွေကို ရင်ဆိုင်ရမှာဖြစ်တယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေး ဒုအကြံပေး Ben Rhodes က ပြောလိုက်ပါတယ်။

ဒီအခြေအနေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆွေးနွေးသွားဖို့ အမေရိကန်ဘက်က စီစဉ်နေတယ်လို့ သူကပြောပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဘန်ကီမွန်းကလည်း ဒီယာဉ်တန်းရဲ့ လှုပ်ရှားမှုနဲ့ ပတ်က်ပြီးတော့လည်း စိုးရိမ်ကြောင်း၊ ဒီလို တဘက်သတ် လုပ်ဆောင်လိုက်တဲ့ အတွက် ယူကရိန်းအရှေ့ခြမ်းမှာ နဂိုကတည်းက ဆိုးနေတဲ့အခြေအနေကို ပိုပြီးတော့ ဆိုးလာနိုင်မယ့် အလားအလာရှိတယ်လို့ ပြောပါတယ်။

ရုရှားယာဉ်တန်းဟာ ယူကရိန်းနိုင်ငံထဲကို သောကြာနေ့က ဝင်ရောက်ခဲ့တာပါ။ အဲဒီယာဉ်တန်းဟာ ယူကရိန်းအာဏာပိုင်တွေရဲ့ တရားဝင်ခွင့်ပြုချက်ကို ရယူခဲ့ခြင်းမရှိသလို၊ နိုင်ငံတကာကြက်ခြေနီအဖွဲ့ရဲ့ စစ်ဆေးရေးမှု ပြီးအောင်လည်း မစောင့်ခဲ့ပါဘူး။ မဆုံးနိုင်လောက်အောင် အချိန်အကြာကြီး စောင့်ခဲ့ရတဲ့အတွက် ကနဦး အကူအညီပေးမှုတွေမှာ အဟန့်အတားတွေဖြစ်ခဲ့ပြီး၊ အဲဒီလို စောင့်ရတာဟာ သည်းမခံနိုင်စရာတွေ ဖြစ်ခဲ့တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်လိုက်ပြီး၊ ရုရှားယာဉ်တန်း ယူကရိန်းနိုင်ငံထဲဝင်ရောက်ခဲ့တာကို အတည်ပြုခဲ့ပါတယ်။

အဲဒီအကူအညီတွေဟာ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် အရေးပေါ်လိုအပ်နေတာဖြစ်တယ်လို့ ပြောပါတယ်။ ရုရှားရဲ့ လုပ်ဆောင်ချက် အပေါ်မှာ နေတိုးအဖွဲ့ကလည်း ရှုတ်ချလိုက်ပြီး ဒါဟာ တိုက်ရိုက် ကျူးကျော်တာဖြစ်တယ်လို့ ပြောပါတယ်။

XS
SM
MD
LG