သုံးရလွယ်ကူစေသည့် Link များ

ရွေးကောက်ပွဲ အောင်မြင်မှု ကုလ အတွင်းရေးမှူးချုပ် ချီးကျုး


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း

မြန်မာနိုင်ငံမှာ သမိုင်းဝင် နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ ထူးခြားတဲ့ အောင်မြင်မှု တခုဖြစ်တယ်လို့ ဆိုပြီး ခုလိုအခြေအနေ အထိရောက်အောင် ပြုပြင်ပြောင်းလဲမှုတွေကို ဦးဆောင်ကြိုးပမ်း ခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အသိအမှတ်ပြုကြောင်း ပြောဆိုလိုက်ပါတယ်။

ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်း ကြိုးပမ်းခဲ့ကြ တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီတွေ၊ ပြည်တွင်းပြည်ပ လေ့လာစောင့်ကြည့်သူ အားလုံကိုလည်း ချီးကျူးတဲ့ တချိန်တည်းမှာ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရခဲ့ကြသူတွေ၊ လူနည်းစုတွေ အတွက် စိတ်မကောင်းဖြစ်ရတဲ့အကြောင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရကနေ တဆင့် မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရတဲ့အပေါ်မှာ ချီးကျူးဂုဏ်ပြုသလို၊ အရှုံးကို သိက္ခာရှိရှိ လက်ခံတဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကိုလည်း လေးစားဂုဏ်ပြုကြောင်း မစ္စတာ ဘန်ကီမွန်းက ပြောဆိုထားပါတယ်။

ရွေးကောက်ပွဲကို အများလက်ခံပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်အောင် စစ်တပ်က အားပေးကူညီခဲ့တာကိုရော၊ ရွေးကောက်ပွဲရလဒ်ကို လက်ခံပေးတာတွေဟာ အင်မတန် အရေးပါလှတယ် လို့လည်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ ခရီးရှည်ကို ဆက်လက် အများကြီး လျှောက်လှမ်း ရဦးမှာဖြစ်ပြီး အနာဂတ်မှာ အင်အားစုအားလုံးပါဝင်တဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်အောင် ဆက်လက် ကြိုးပမ်းသွားဖို့၊ မကြာခင် အစိုးသစ် ဖွဲ့စည်းတာနဲ့အမျှ သက်ဆိုင်သူခေါင်းဆောင်အားလုံးက လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးမှုကို လိုက်နာပြီး တည်ငြိမ်အေးချမ်းတဲ့ အခြေအနေ ဆက်လက်ထားရှိနိုင်အောင် ကြိုးပမ်းသွားဖို့လည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကြေညာချက်ထဲမှာ တိုက်တွန်းထားပါတယ်။

ဒီအတောအတွင်း UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက လည်း NLD နဲ့ တိုင်းရင်းသားပါတီတွေ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့အတွက် ဝမ်းမြောက်ကြောင်းနဲ့ NLD ဦးဆောင်တဲ့ အစိုးရသစ်ဟာ တိုင်းရင်းသားတွေ မျှော်မှန်းတဲ့ ဖက်ဒရယ်ပြည်ထောင်စု တရပ် ဖော်ဆောင်ပေးနိုင် လိမ့်မယ်လို့ မျှော်လင့်ကြောင်း နိုဝင်ဘာလ ၁၂ ရဂက်နေ့ နေ့စွဲနဲ့ သဘောထား ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG