သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် အစိုးရအသုံးစာရိတ် ဥပဒေကြမ်းများ လွှတ်တော်အမတ်တွေ ညှိနှိုင်း 


Washington Capitol Dome
Washington Capitol Dome

အမေရိကန်ပြည်ထောင်စု ဖက်ဒရယ်အစိုးရရဲ့ မတ်လ ၁၄ ရက်နောက်ပိုင်း အသုံးစရိတ် အတွက် အတည်ပြုရမယ့် ဥပဒေထဲမှာ အငြင်းပွားဖွယ် ကျန်းမာရေးနဲ့ လူမှုဖူလုံ‌ရေးကဏ္ဍ ဖြတ်တောက်မှုတွေ ပါဝင်နိုင်လား ဆိုတဲ့ စိုးရိမ်ချက်တွေနဲ့ ပတ်သက်ပြီး သမ္မတ ဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့မှာဖြေရှင်းပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ အဲဒါကို ထိမှာမဟုတ်ပါဘူး” လို့ ထရမ့်က သတင်းထောက်တွေကို ပြောပါတယ်။

“လိမ်လည်မှုတွေကိုတော့ ရှာဖွေ ဖော်ထုတ်နေပါတယ်။ ဒီလို လုပ်တာကိုတော့ ခင်ဗျားတို့လည်း လက်ခံနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဥပမာ၊ ခံစားခွင့် မရှိသူတွေ၊ တရားမဝင် နိုင်ငံခြားသားတွေနဲ့ တခြား ရာဇဝတ်မှုကျူးလွန်သူတွေပေါ့။” လို့ သမ္မတ ထရမ့်က ပြောပါတယ်။

သမ္မတထရမ့်က အောက်လွှတ်တော်က အဆိုပြုထားတဲ့ အသုံးစရိတ်ဘတ်ဂျက်ကို သဘောကျကြောင်း ပြောထားပေမယ့် အထက်လွှတ်တော်မှာတော့ စစ်ဘက်ရန်ပုံငွေ ဒေါ်လာ ၁၅၀ ဘီလီယံ နဲ့ နယ်စပ်လုံခြုံရေးအတွက် ဒေါ်လာ ၁၇၅ ဘီလီယံ ထောက်ပံ့ပေးတဲ့ ရန်ပုံငွေဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့ အပတ်က အတည်ပြုထားပါတယ်။ ဒီ ဘတ်ဂျက်ခွဲဝေမှုတွေထဲမှာ အောက်လွှတ်တော်မှာ ထည့်သွင်း ထားတဲ့ အငြင်းပွားဖွယ် Medicaid ကျန်မားရေးဆိုင်ရာ ထောက်ပံ့မှု ဖြတ်တောက်တာကို ရှောင်ရှားထားပါတယ်။

ဒီ ကဏ္ဍတွေမှာ အသုံးစရိတ် ဖြတ်တောက်မှုက လာမယ့် နှစ်ပတ်ကျော်အတွင်း သက်တမ်းကုန်ဆုံးမယ့်ရေတို အသုံးစရိတ်ဥပဒေကြမ်းမတိုင်မီ ဥပဒေပြုလွှတ်တော်အမတ်တွေကြား အလျင်အမြန် ဖြေရှင်းဖို့ ကြိုးပမ်းနေတဲ့ ပြဿနာတွေထဲက တခုဖြစ်ပါတယ်။ အင်္ဂါနေ့နှောင်းပိုင်းတုန်းက အောက်လွှတ်တော်မှာတော့ ဘတ်ဂျက်ဆုံးဖြတ်ချက်ကို ၂၁၇-၂၁၅ နဲ့ အတည်ပြုနိုင်ခဲ့ပြီး၊ အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်က သူ့ရဲ့ ရီပတ်ဘလစ်ကန် ပါတီတွင်း လုံလောက်တဲ့မဲတွေ ရယူနိုင်ခဲ့ပါတယ်။

“ကျွန်တော်တို့ဟာ သမ္မတ [ဒေါ်နယ်] ထရမ့်ရဲ့ အစီအစဉ်တခုလုံးကို အကောင်အထည်ဖော်ဖို့ ကတိပြုထားတာပါ။ တစိတ်တပိုင်းတင်မဟုတ်ပါဘူး၊ အခုလောလောဆယ် အဆင်ပြေအောင် နည်းနည်းပဲ လုပ်ပြီး ကျန်တာကို နောက်မှပြန်လုပ်မယ်ဆိုတာမျိုး မဟုတ်ပါဘူး” လို့ ဂျွန်ဆင်က အင်္ဂါနေ့အစောပိုင်းက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

လက်ရှိမှာတော့ ဥပဒေ အဖြစ် အတည်ပြု လက်မှတ်ရေးထိုးနိုင်ဖို့က အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် ဥပဒေကြမ်း နှစ်ရပ်ကြားမှာ အပေးအယူ ညှိနှိုင်းမှုတွေ လုပ်ရမှာပါ။ မတ်လ ၁၄ ရက်နေ့မတိုင်မီ သဘောတူညီချက် တခု မရခဲ့ရင် ဖက်ဒရယ်အစိုးရဝန်ထမ်းသန်းပေါင်းများစွာဟာ ယာယီလစာမရရှိဘဲ နေမှာ ဖြစ်သလို မရှိမဖြစ် အရေးကြီးတဲ့ အလုပ်လို့ သတ်မှတ်မခံရတဲ့ တချို့ အစိုးရဝန်ဆောင်မှုတွေ ရပ်ဆိုင်းသွားမှာ ဖြစ်ပြီး အစိုးရ ယန္တရား တစိတ်တပိုင်း ရပ်တန့်သွားမှာ ဖြစ်ပါတယ်။

ထရမ့်ကတော့ “ကြီးကျယ် ကောင်းမွန် ပြည်စုံတဲ့ ဥပဒေကြမ်းတခု” အတည်ပြုဖို့ တောင်းဆိုထားပြီး၊ ဒါက သူ့ အစိုးရ အဖွဲ့ရဲ့ ပြည်တွင်းရေးရာမူဝါဒအစီအစဉ်ကို အကောင်အထည်ဖော်ရာမှာ အဓိကအစိတ်အပိုင်းတခု ဖြစ်လာမယ်လို့ ပြောထားပါတယ်။

အထက်လွှတ်တော် ဘတ်ဂျက်ကော်မတီဥက္ကဋ္ဌ လင်ဆီ ဂရေဟမ်ရဲ့ ဗုဒ္ဓဟူးနေ့ထုတ်ပြန်ချက်ထဲမှာတော့ “နယ်စပ်လုံခြုံရေးနဲ့ ပတ်သက်လာရင် အချိန်က သိပ်ကို အရေးကြီးပါတယ်။ အမေရိကန် လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေ အတွက် အသုံးစရိတ်က

လပိုင်းမဟုတ်ပါဘူး၊ ရက်သီတင်းပတ်အနည်းငယ်အတွင်း ငွေကုန်သွားမှာပါ။ သမ္မတ ထရမ့်ရဲ့ နယ်စပ်လုံခြုံရေး အစီအမံတွေကို နှောင့်နှေးတာဟာ နိုင်ငံရေးအရ ဆိုးရွားရုံတင်မဟုတ်ပါဘူး၊ အန္တရာယ်လည်း ရှိပါတယ်” လို့ သတိပေးထားပါတယ်။

ကန် အစိုးရ အသုံးစာရိတ် ဥပဒေကြမ်းများ လွှတ်တော်အမတ်တွေ ညှိနှိုင်း
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG