သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြုပြင်ပြောင်းလဲမှု အမေရိကန် စိုးရိမ်နေဆဲ


မြန်မာ့အရေး လွှတ်တော်ကြားနာပွဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ပြောကြားနေစဉ် (၁၇ ဧပြီ ၂၀၁၃)
မြန်မာ့အရေး လွှတ်တော်ကြားနာပွဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ပြောကြားနေစဉ် (၁၇ ဧပြီ ၂၀၁၃)
မြန်မာနိုင်ငံတွင်းမှာ မကြုံစဖူးတဲ့ တိုးတက်ပြောင်းလဲမှုတွေ ရှိနေပေမဲ့လို့၊ လူနည်းစု တိုင်းရင်းသား ဒေသတွင်းက အခြေအနေတွေနဲ့ ပတ်သက်လို့ စိုးရိမ်စရာတွေ ရှိနေတုန်းပဲလို့ မနေ့က လွှတ်တော် ကြားနာပွဲတခုမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးရော၊ အောက်လွှတ်တော်အမတ် ရှဘော့ (Chabot) ကပါ ပြောခဲ့ကြပါတယ်။ ဒီအကြောင်းကိုတော့ ကိုသားညွန့်ဦးက အပြည့်အစုံ တင်ပြထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ၂၀၁၄ ခုနှစ် အသုံးစရိတ် တင်သွင်းမှုနဲ့ ပတ်သက်လို့ အောက်လွှတ်တော် ကြားနားပွဲအတွင်း အခြားနိုင်ငံတကာ ကိစ္စရပ်တွေနည်းတူ မြန်မာနိုင်ငံအရေး ကိုလည်း မေးမြန်းဆွေးနွေးခဲ့တာပါ။

ရီပတ်ပလစ်ကန် အောက်လွှတ်တော်အမတ် စတိ ရှဘော့ (Steve Chabot) က မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်လို့ တိုးတက်မှုတွေ မြင်ရပေမဲ့ မြန်မာ စစ်တပ်ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုနဲ့ ပတ်သက်လို့ စိုးရိမ်စရာရှိတယ်လို့ ပြောသွားပါတယ်။

“ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မြန်မာနိုင်ငံတွင်းမှာ ပြောင်းလဲတိုးတက်မှုတွေ သိသိသာသာ ရှိလာတာ တွေ့ရပါတယ်။ ဒါပေမဲ့လည်း ရှေ့ဆက်ရမယ့်လမ်းတွေမှာ အခက်အခဲ အတားအဆီးတွေ ရှိကောင်းရှိနိုင်တယ်ဆိုတာကို အားလုံး သဘောတူကြမယ် ထင်ပါတယ်။ အခုအချိန်အထိ ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အားပေးကြိုဆိုပါတယ်။ ပြီးခဲ့တဲ့ နှစ်ဦးပိုင်းတုန်းက ကြားဖြတ်ရွေးကောက်ပွဲ မှာ နိုင်ငံရေး အခြေအနေသစ်တွေ ပေါ်လာတာကိုလည်း ဝမ်းမြောက်မိပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာ လူနည်းစု တိုင်းရင်းသား ဒေသတွေမှာ အကြမ်းဖက်မှုတွေ တိုးလာတာလည်း တွေ့ရပါတယ်။”

“မြန်မာနိုင်ငံတွင်းမှာ စစ်တပ်ဟာ အရေးပါတဲ့ အင်အားကြီး တရပ်အဖြစ် ရှိနေတုန်းပါ။ လူနည်းစု တိုင်းရင်းသား ဒေသတွေက အကြမ်းဖက်မှုတွေ ရပ်တန့်ရမယ့်အစား၊ အဲ့ဒီအကြမ်းဖက်မှုတွေကို ကျူးလွန်နေသူတွေအဖြစ် အများက ထင်မှတ်ယူဆမှု ခံနေရပါတယ်။ အခြေအနေ အရပ်ရပ်မှာ သမ္မတ ဦးသိန်းစိန်အနေနဲ့ သူ့ရဲ့ စစ်တပ်မှူးတွေကို ကိုင်တွယ်ထိန်းချုပ်နိုင်ပုံ မပေါ်ပါဘူး။”

မြန်မာနိုင်ငံတွင်း အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီ ခိုင်မာအားကောင်းလာရေးအတွက် အမေရိကန် အစိုးရပိုင်းအနေနဲ့ ဘယ်လို လုပ်ကိုင်ဆောင်ရွက်မှုရှိလဲဆိုပြီး အောက် လွှတ်တော်အမတ် ရှဘော့ (Chabot) က နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) ကို မေးမြန်းခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ကယ်ရီကတော့ အခက်အခဲ အတားအဆီးတွေ ရှိနိုင်တယ်ဆိုတာ မှန်ပေမယ့်လည်း လက်ရှိ အခြေအနေအပေါ် အားရမှုရှိတဲ့သဘော ပြောပါတယ်။ အခြေအနေတွေ ပိုကောင်းလာဖို့ အစိုးရပိုင်းအနေနဲ့ တွန်းအားပေး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ လည်း ပြောသွားပါတယ်။

“အခက်အခဲ အတားအဆီးတွေကတော့ ရှိပါလိမ့်မယ်။ ဒါပေမဲ့လည်း သိပ်ကြီးကြီးမားမားတော့ ဟုတ်မယ် မထင်ပါဘူး။ ဗိုလ်ချုပ်တွေဟာ တချိန်က သူတို့ ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလက်တွဲပြီး ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် လုပ်ကိုင်ဆောင်ရွက် နေကြပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက စိတ်ကူးတောင် မယဉ်နိုင်တဲ့ အခြေအနေမျိုးပါ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းမှာ အတော့်ကို ဆိုးဆိုးရွားရွား ပြုမူဆက်ဆံခံနေရသူတွေ ကိစ္စအပါအဝင် စစ်တပ်ကိစ္စနဲ့ တခြားကိစ္စရပ်တွေအပေါ် ကျနော် စိုးရိမ်တကြီး ရှိပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံ ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် ပိုပြီး ဆောင်ရွက်နိုင်ဖို့၊ ကတိအတိုင်းပဲ ဖြစ်ပေါ်လာဖို့ ကျနော်တို့အနေနဲ့ အစဉ်တစိုက် တွန်းအားပေး ဆောင်ရွက်သွားမှာပါ။ သမ္မတ အိုဘားမား သွားတုန်းကလည်း ဒီ ရည်ရွယ်ချက်ပါပဲ။”

လက်ရှိ အမေရိကန် အစိုးရပိုင်းရဲ့ မြန်မာအပေါ် မူဝါဒ အကောင်အထည်
ဖော်ရေးအပိုင်းတွေမှာ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရှိနေတယ်လို့ လည်း နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ က အကောင်းမြင်ပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးမူဝါဒမှာ အာရှဒေသကို အရင်ကထက် ပိုမို အလေးထားလာတာကြောင့်၊ မြန်မာနိုင်ငံအပေါ် ကျင့်သုံးနေတဲ့ အမေရိကန်မူဝါဒနဲ့ လက်ရှိ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုတွေဟာ အမေရိကန် နိုင်ငံခြားရေး မူဝါဒမှာ စံပြုစရာတခုလို အမေရိကန် အရာရှိတွေဘက်က ယူဆတယ်လို့ ပြောရမှာပါ။
XS
SM
MD
LG