မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို စုံစမ်းစစ်ဆေးနိုင်မယ့် ကော်မရှင်တရပ် ကုလသမဂ္ဂက ဖွဲ့စည်းပြီး တာဝန်ပေးအပ်နိုင်ရေးအတွက် အမေရိကန် ပြည်ထောင်စုက အားပေးထောက်ခံဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံက အခြေအနေတွေကို သိရဖို့ ရည်ရွယ်ကျင်းပတဲ့ ဝါရှင်တန်မြို့တော်က အမေရိကန် အောက်လွှတ်တော်အတွင်း ပြုလုပ်တဲ့ ကြားနာပွဲတရပ်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို တိုက်တွန်းလိုက်တာပါ။ အပြည့်အစုံကို အောက်လွှတ်တော်ကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။
လျှို့ဝှက်ချက် မျက်နှာဖုံးကို ထိုးဖောက်ခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ အမေရိကန် အောက်လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က ကြားနာပွဲတရပ် ကျင်းပရာမှာ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အစိုးရ အနေနဲ့ မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေကို အားပေးဖို့၊ လူ့အခွင့်အရေး အခြေအနေတွေကို တိတိကျကျ သိရအောင် လုပ်နိုင်မယ့် လုပ်ရပ်တွေကို အားပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ပကတိ အခြေအနေမှန်ကို သိရဖို့ဆိုရင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ နောက်ဆုံး ဆုံးဖြတ်ချက် ချမှတ်ထားတာကို ကြည့်မယ်ဆိုရင်ပဲ သိနိုင်တဲ့ အကြောင်းကိုလည်း အမေရိကန် အောက်လွှတ်တော် ကြားနာပွဲကိုက ပေးပို့တဲ့ ဗွီဒီယို ထွက်ဆိုချက်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။
“ဒီဆုံးဖြတ်ချက်အပေါ် အင်မတန့် အင်မတန် အလေးအနက်ထား စဉ်းစားမယ်၊ မြန်မာနိုင်ငံက လက်ရှိ အခြေအနေတွေကို ကြည့်မယ်ဆိုရင် ဒီမိုကရေစီ ရရှိဖို့ ဘယ်လောက်တောင် အလှမ်းဝေးနေသေးသလဲ၊ ဒီလမ်းစကို ရောက်တောင် ရောက်သေးရဲ့လား ဆိုတာ ကောင်းကောင်း နားလည်နိုင်ပါလိမ့်မယ်။
“ဒီဆုံးဖြတ်ချက်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ကိစ္စ၊ လွတ်လပ်တဲ့ အသင်းအဖွဲ့တွေ ဖွဲ့စည်းရေး၊ သတင်းအချက်အလက်တွေ ရရှိရေး၊ လွတ်လပ်တဲ့ တရားစီရင်ရေး စနစ်နဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ပါမောက္ခ ကင်တားနား (Tomas Ojea Quintana) အနေနဲ့ သူလိုအပ်တဲ့ အချိန်မှာ တိုင်းပြည်ကို လာရောက်ခွင့် ရရေးတို့လို အင်မတန်မှ အရေးကြီးတဲ့ ကိစ္စတွေ ပါဝင်ပါတယ်။ ဒီလိုပဲ အားလုံးပါဝင်ခွင့်ရှိတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တရပ် ရှိဖို့ ဆိုတာတွေလည်း ပါဝင်ပါတယ်။”
ကုလသမဂ္ဂက ကော်မရှင်တရပ် ဖွဲ့စည်းပြီး မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ၊ စစ်ရာဇဝတ်မှု ဒါမှမဟုတ်ရင်လည်း လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်မမြောက် စုံစမ်းစစ်ဆေးဖို့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တိုမာ့စ် အိုဟေး ကင်တားနား အကြံပြုထားတာကို အားပေး ထောက်ခံသွားဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားပါတယ်။
ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲ ရွေးကောက်ပွဲတွေ ကျင်းပအပြီး အစိုးရသစ် တက်လာတဲ့နောက် အခြေအနေတွေ တိုးတက်လာလေမလား မျှော်လင့်သူတွေ၊ ထူးခြားမှာ မဟုတ်ပါဘူးလို့ ပြောကြသူတွေလို အမြင်တွေ ကွဲပြားနေတာမို့ အမေရိကန် ဥပဒေပြု အမတ်တွေက အခြေအနေတွေကို ရှင်းရှင်းလင်းလင်း သိလိုနေကြတာပါ။
အထူးသဖြင့် မြန်မာအစိုးရအပေါ် ပြစ်ဒဏ်ခတ် အရေးယူထားတဲ့ အမေရိကန်အစိုးရ အနေနဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒတွေကိုပါ ကျင့်သုံးလာနေချိန် ဖြစ်တာမို့ အခြေအနေတွေကို ထဲထဲဝင်ဝင် သိဖို့ လိုအပ်တာမို့ အခုလို ကျင်းပရတာလို့လည်း ကြားနာပွဲ သဘာပတိဖြစ်တဲ့ ရီပတ်ဘလစ်ကန်ပါတီ အီလီနွိုက်စ်ပြည်နယ် အောက်လွှတ်တော်အမတ် ဒိုနယ်လ်ဒ် မန်ဇူလို (Donald Manzullo) က ပြောပါတယ်။
“မြန်မာနိုင်ငံက လျှို့ဝှက်ချက် မျက်နှာဖုံးရဲ့ နောက်ကွယ်မှာ အပြောင်းအလဲတွေ ရှိတယ်ဆိုရင်လည်း ဘာတွေလဲ ဆိုတာကို ပြည့်ပြည့်၀၀ သိနိုင်အောင် လေ့လာစူးစမ်းဖို့ ဒီကနေ့ ကြားနာပွဲကို ကျင်းပတာပါ။ ရွေးကောက်ပွဲ ကျင်းပချိန်ကစပြီး ဒီရွေးကောက်ပွဲဟာ ဘယ်လောက်ပဲ မသမာမှုတွေရှိရှိ တိုင်းပြည်တွင်းက နိုင်ငံရေး အခြေအနေတွေအတွက် အရေးပါတဲ့ အပြောင်းအလဲတခု ဖြစ်တယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူတွေကြား အချေအတင် ဖြစ်စရာ ကွဲလွဲတဲ့ အမြင်တွေ ရှိကြတာကိုလည်း ကျနော်တို့ မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရပါတယ်။
“ဒီအငြင်းအခုန်တွေနဲ့အတူ ထူးထူးခြားခြား ဘာမှ ချက်ချင်း ဖြစ်မလာဘူး ဆိုရင်တောင်မှ အနာဂတ်အတွက် အပြောင်းအလဲတွေကို ဦးတည်ကောင်း ဦးတည်စေမလား ဆိုတာ ငြင်းခုန်ကြတာတွေလည်း ရှိပါတယ်။”
ကြားနာပွဲအတွင်း ထွက်ဆိုသွားသူတွေကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြဿနာတွေ မပြေလည်နိုင်သေးဘဲ ဖြစ်နေရတာ၊ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်း ခံနေရတာလို လူ့အခွင့်အရေး အခြေအနေတွေ နိမ့်ကျနေတာတွေကို ထောက်ပြပြီး အစိုးရသစ် တက်လာပေမဲ့ ထူးခြားတဲ့ အပြောင်းအလဲတွေ မရှိသေးဘူးလို့ ပြောဆိုခဲ့ကြတာပါ။
အမေရိကန်အစိုးရ အနေနဲ့လည်း နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်ပေါ်လာဖို့ လိုအပ်သလောက် ဖိအားပေးမှုတွေ မရှိဘူးလို့လည်း ကြားနာပွဲမှာ ထွက်ဆိုခဲ့သူ တဦးဖြစ်တဲ့ ဝါရှင်တန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ US Campaign for Burma ရဲ့ အမှုဆောင်အရာရှိ ဦးအောင်ဒင်က ပြောပါတယ်။
“အခုဟာက Engagement ဆိုတာ တိုက်ရိုက်ဆက်ဆံရေး မူဝါဒအောက်မှာ အမေရိကန် အစိုးရ အနေနဲ့ မြန်မာစစ်အစိုးရ အပေါ်မှာ လိုက်လျောမှုတွေက ပိုများတာ တွေ့တယ်။ တဘက်မှာကျတော့ ရှိထားတဲ့ စီးပွားရေး ပိတ်ဆို့မှုကိုလည်း ပိုပြီးတော့ စနစ်တကျ ပြင်းအားကောင်းအောင် မလုပ်ဘဲနဲ့ နောက်တခါ ထပ်မံ တိုးချဲ့ဖို့ကျတော့လည်း ငြင်းဆန်နေတဲ့ အတိုင်းအတာမှာ ရှိတယ်။
“ထပ်မံ တိုးချဲ့ဖို့ဆိုတာ အထူးသဖြင့် ကျနော်တို့ တောင်းဆိုထားတဲ့ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေး ကိစ္စမှာ အမေရိကန် အစိုးရ အနေနဲ့ တက်တက်ကြွကြွ လှုပ်ရှားတာကို မတွေ့ရဘူး။ အဲဒီလိုပဲ လက်ရှိ ချမှတ်ထားတဲ့ Targeted Sanction ခေါ်တဲ့ မြန်မာစစ်အုပ်စုနဲ့ သူတို့ရဲ့ အပေါင်းအပါ စီးပွားရေးသမားတွေကို ပိတ်ဆို့ ဟန့်တားတဲ့ စီးပွားရေး ပိတ်ဆို့မှုကိုလည်း တကယ်ကျတော့ ထိထိရောက်ရောက်လုပ်တာ မတွေ့ရဘူး။ ဒါကြောင့် ကျနော်တို့က သိပ်မကျေနပ်ဘူးပေါ့။
“တဘက်မှာ Engage လုပ်တာတော့ အပြစ်မတင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ Engage လုပ်တဲ့ အချိန်ထဲမှာ ဒီဘက်မှာ နအဖ စစ်အုပ်စုကကျတော့ လူတွေကို ဆက်ပြီး ဖမ်းနေတယ်၊ လူတွေကို ဆက်ပြီး သတ်နေတယ်၊ လူတွေကို ဆက်ပြီး နှိပ်စက်ညှဉ်းပန်းနေတယ်။ အဲဒီကာလမှာ လက်ရှိအထိ ရှိထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ပိုပြီး ခိုင်မာ အားကောင်းအောင် လုပ်ဖို့ အမေရိကန် အစိုးရမှာ တာဝန်ရှိပါတယ်။”
ကြားနာပွဲ သဘာပတိဖြစ်သူ အောက်လွှတ်တော်အမတ် ဒိုနယ်လ်ဒ် မန်ဇူလိုကတော့ အခုနောက်ဆုံး မြန်မာနိုင်ငံ မြောက်ပိုင်းက ကချင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲရေး ရယူထားတာတွေ ပျက်ပြားပြီး တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွားနေတာတွေဟာ တိုင်းပြည်မှာ အပြောင်းအလဲတွေ မရှိသေးဘူး ဆိုတာကို ညွှန်ပြနေတယ်လို့လည်း ပြောဆိုခဲ့တာပါ။ မြန်မာအစိုးရ အနေနဲ့ သမ္မတ အိုဘားမား အစိုးရရဲ့ ချဉ်းကပ်မှု အသစ်တွေကို အခွင့်အလမ်းကောင်း တခုအဖြစ် လက်မလွှတ်ဖို့နဲ့ အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံရေးတွေ တိုးတက်စေဖို့ သိသာမြင်သာတဲ့ အပြောင်းအလဲတွေ လုပ်ဖို့ လိုမယ်လို့လည်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။