သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံအပေါ် အမေရိကန်က ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေကို လျှော့ပေါ့ပြီး၊ ဘဏ္ဍာရေး အကူအညီတွေနဲ့ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးတွေ တိုးမြှင့်ဖို့ အဆိုပြုထားတဲ့ ဥပဒေကြမ်းတရပ်ကို အမေရိကန် အထက်လွှတ်တော်က တင်သွင်းလိုက်တဲ့အပေါ် မြန်မာအစိုးရက ကြိုဆိုလိုက်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ပြည်ထောင်စုကို ရောက်လာချိန်မှာပဲ အဆိုပြုလိုက်တဲ့ ဥပဒေမူကြမ်းအပေါ် လူ့အခွင့်အရေး လှုပ်ရှားသူတွေ ကတော့ သတိထား တုံ့ပြန်ခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။

မြန်မာနဲ့ အမေရိကန်ကြား ဆက်ဆံရေးတွေ တိုးမြှင့်နိုင်ဖို့ ၂၀၁၆ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ မဟာဗျုဟာ လို့ အမည်ပေးထားတဲ့ ဥပဒေကြမ်းတခုကို ထိပ်တန်း အမေရိကန် အထက်လွှတ်တော်အမတ် ၂ ဦးက တင်သွင်းလိုက်တဲ့ အပေါ် မြန်မာအစိုးရက ကြိုဆိုလိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်ခတ်အရေးယူမှုတွေကို လျှော့ပေါ့ပေးပြီး၊ အကူအညီတွေ တိုးမြှင့်ပေးသွားဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ပြည်ထောင်စုကို ရောက်လာတဲ့နေ့မှာပဲ အဆိုပြုတင်သွင်းလိုက်တဲ့ ဥပဒေကြမ်းဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အထောက်အကူ ဖြစ်စေနိုင်တဲ့အတွက် ကြိုဆိုတဲ့အကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောဆိုလိုက်တာပါ။

“ဥပဒေကြမ်းတင်သွင်းမှုနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ ပြည်သူတွေအနေနဲ့ရော အထူးသဖြင့်ကြိုဆိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ Sanction ပေါ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေက အစိုးရတွေ၊ ပါဝင်ပတ်သက်သူတွေကို အားလုံးကို ရည်မှန်းပြီးတော့ လုပ်တာဖြစ်တယ်။ နောက်တချက်က ကျနော်တို့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီပေါ့ ၊ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေဖို့ ရည်ရွယ်တဲ့ ဆောင်ရွက်ချက်တွေ သူတို့ရဲ့ မူလရည်ရွယ်ချက်တွေဖြစ်ပါတယ်။ အဲဒီတော့ အခုအချိန်မှာ မြန်မာနိုင်ငံမှာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရတရပ်ပေါ်လာပြီ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို အလေးပေးပြီးဆောင်ရွက်နေချိန်မှာ ဒီပြည်သူလူထုကို တိုက်ရိုက်ထိခိုက်စေတဲ့ပေါ့နော် ပိတ်ဆို့အရေးယူမှုတွေ ၊ နောက်သွယ်ဝိုက်ပြီး ထိခိုက်စေတဲ့ ဘဏ္ဍာရေးနဲ့ စီးပွားရေးဆိုင်ရာ ကန့်သတ်ချက်တွေက တချိန်ချိန်မှာ ဆောင်ရွက်ဖို့အတွက် အကန့်အသတ်ဖြစ်စေပါတယ်။”

လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တွေကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအခြေခံတွေ ခိုင်ခိုင်မာမာ မရှိသေးချိန်၊ အထူးသဖြင့် မြန်မာ့နိုင်ငံရေးမှာ ဆက်လက် သြဇာလွှမ်းမိုးနေဆဲဖြစ်ပြီး၊ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတွေရှိနေတဲ့ စစ်တပ်အပေါ် ဖိအားပေးနိုင်ဖို့ ဒဏ်ခတ်မှုတွေ ဆက်ထားသင့်တယ်လို့ တိုက်တွန်းနေကြတာပါ။ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ဖြစ်တဲ့ Human Rights Watch ရဲ့ အာရှရေးရာ ဒုတိယညွှန်ကြားရေးမှူး Phil Robertson ကတော့ ဒဏ်ခတ်မှုတွေ ရုပ်သိမ်းဖို့ အချိန်မတန်သေးဘူးလို့ ဆိုပါတယ်။

“ဒဏ်ခတ်မှုတွေ ဖယ်ရှားပေးဖို့ မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်အောင် လုပ်ဖို့လိုပါတယ်။ ဒါပေမဲ့လည်း၊ ကံအကြောင်းမသင့်ချင်တော့ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ လူ့အခွင့်အရေး ချိုးဖောက်ခဲ့တာတွေကို အမေရိကန် အစိုးရက လွှတ်ပေးပြီး၊ အကြီးအကျယ် ချီးမြှင့်ဖို့ ပြင်ဆင်နေတာ တွေ့နေရပါတယ်။ ဒါကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံချက်နဲ့ အရေးယူဒဏ်ခတ်မှုတွေကို ဖယ်ရှားပေးလိုက်တယ်ဆိုပြီး၊ သမ္မတ အိုဘားမားက နိုင်ငံရေးအမွေ ချန်ရစ်ခဲ့ချင်တာလည်း တစိတ်တပိုင်းအားဖြင့် ပါပါတယ်။”

အမေရိကန် အထက်လွှတ်တော်မှာ အင်္ဂါနေ့က တင်သွင်းခဲ့တဲ့ ဥပဒေကြမ်းမှာတော့ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေ လျှော့ချပြီး၊ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေက မြန်မာနိုင်ငံကို အကူအညီတွေ တိုးမြှင့်ပေးအပ်ဖို့ တိုက်တွန်းထားပါတယ်။ တချိန်တည်းမှာပဲ မြန်မာစစ်တပ်အတွက် အင်္ဂလိပ်စာ သင်တန်းပို့ချတာ၊ အရပ်ဘက် အုပ်ချုပ်မှုအောက်မှာ စစ်တပ်က အမိန့်နာခံ ဆောင်ရွက်တတ်လာအောင် အထောက်အကူဖြစ်စေမယ့် အစီအစဉ်တွေလို အကူအညီမျိုးတွေ ပေးအပ်ဖို့လည်း အကြံပြုထားပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ပြောခွင့်ရသူ ဦးဇော်ဌေး ကတော့ အမေရိကန်ရဲ့ စစ်ဘက်ဆိုင်ရာ အကူအညီတွေဟာ အသွင်ကူးပြောင်းရေး လုပ်ငန်းတွေမှာ မြန်မာစစ်တပ်ရဲ့ ပူးပေါင်းပါဝင်မှုတွေကို အားပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့တာပါ။

“စစ်တပ်နဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ နိုင်ငံတကာပေါ့နော် သွားနိုင်အောင် standard army အဖြစ် တပ်မတော်ကလည်း ဆောင်ရွက်နေတယ်။ နောက်တချိန်ထဲမှာပဲ ဒီအစိုးရရဲ့ ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေ၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွေမှာ တပ်မတော်က တက်တက်ကြွကြွနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်နေတဲ့အတွက် ဒီဟာတွေအပေါ်မှာလည်း အထောက်အကူပြုမယ်လို့ ကျနော်ယုံကြည်ပါတယ်။ အဲဒီအတွက် ပြန်ပြီးခြုံလိုက်ရင်တော့ ဒီဆောင်ရွက်ချက်ကို ကြိုဆိုတယ်။ ဒီဆောင်ရွက်ချက်ကြောင့်လည်း ကျနော်တို့ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်တဲ့အခါမှာ ပိုပြီးအထောက်အကူပြုမယ်လို့ ယုံကြည်ပါတယ်။”

အမေရိကန်ပြည်ထောင်စုက ဒီမိုကရက်တစ်ပါတီ အထက်လွှတ်တော်အမတ် Ben Cardin နဲ့ ရီပတ်ဘလစ်ကန်ပါတီ အထက်လွှတ်တော်အမတ် John McCain တို့ ဦးဆောင်ပြီး တင်သွင်းခဲ့တဲ့ ဥပဒေကြမ်းမှာတော့ အရေးယူဒဏ်ခတ်မှုတွေ လျှော့ပေါ့ပေးဖို့ တိုက်တွန်းထားပေမဲ့၊ ၂ နိုင်ငံ ဆက်ဆံရေး တိုးမြှင့်နိုင်မယ့် စံသတ်မှတ်ချက်တွေ ထားရှိဖို့လည်း အကြံပြုထားတာပါ။ မြန်မာနိုင်ငံမှာ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ အုပ်ချုပ်မှုကောင်းတွေ ပေါ်ထွက်လာစေဖို့ ဒဏ်ခတ်မှုတွေကို ဖယ်ရှားတာ၊ ပြုပြင်မွမ်းမံတာတွေ လုပ်ဆောင်သွားဖို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ကို တိုက်တွန်းထားပါတယ်။

XS
SM
MD
LG