သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား မြန်မာ ခရီးစဉ်အတွက် ကွန်ကရက်အကြံပြု


အမေရိကန်ကွန်ကရက်လွှတ်တော်အဆောက်အအုံ၊ ဝါရှင်တန်ဒီစီမြို့တော်။
အမေရိကန်ကွန်ကရက်လွှတ်တော်အဆောက်အအုံ၊ ဝါရှင်တန်ဒီစီမြို့တော်။
အမေရိကန်သမ္မတဘရပ်အိုဘားမားရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အလေးအနက်ထား လုပ်ဆောင်သင့်တဲ့ တချို့ကို အမေရိကန်ကွန်ကရက်လွှတ်တော်အမတ်တွေက စာရေးသားတိုက်တွန်းလိုက်ကြပါတယ်။ အဓိကအားဖြင့်တော့ မြန်မာနိုင်ငံ မှာ ဆောင်ရွက်ဆဲ ပြုပြင်ပြောင်းလဲရေးတွေ ပိုမိုအရှိန်ရပြီး ရှေ့တိုးရေး၊ မပြေမလည်ဖြစ်နေတဲ့ ပြဿနာတွေ အတွက် ငြိမ်းချမ်းစွာ အဖြေရှာရေးတို့အတွက် မြန်မာအစိုးရကို ဖိအားပေးဖို့ တိုက်တွန်းထားကြတာပါ။ ပြုပြင်ပြောင်းလဲရေးအတွက် အမေရိကန်က ပူးပေါင်းဆောင်ရွက်နေချိန် မြန်မာအစိုးရအနေနဲ့ တရားဝင် တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဒီမိုကရေစီခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးစေရပါလိမ့်မယ်။

သမ္မတအိုဘားမားဆီ လိပ်မူပြီးတော့ စာရေးပေးပို့သူတွေထဲက တဦး အပါအဝင်ဖြစ်တဲ့ အောက်လွှတ်တော် အမတ် Joe Pitts ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗွီအိုအေမြန်မာပိုင်း အကြီးတန်း အယ်ဒီတာ ဒေါ်လှလှသန်းက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ သမ္မတခရီးစဉ်နဲ့ ပတ်သက်ပြီး သူတို့ရဲ့ စိုးရိမ်မကင်းမှုကို လွှတ်တော်အမတ် Joe Pitts က အခုလို စ ဖြေခဲ့တာပါ။

“မြန်မာအစိုးရလုပ်ဆောင်နေတဲ့တချို့အတွက် ကျနော်ဝမ်းမြောက်ကျေနပ်ပါတယ်။ သမ္မတအိုဘားမား မြန်မာအစိုးရနဲ့ ထိတွေ့ဆက်ဆံနေတယ် ဆိုတာလည်း ဝမ်းသာပါတယ်။ ဒါပေမဲ့ သမ္မတက နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်မယ်၊ ဆွေးနွေးမယ်ဆိုတဲ့ ကိစ္စဟာ လောလောဆယ် မြန်မာပြည်မှာ ဒုက္ခနဲ့ရင်ဆိုင်နေရသူ သိပ်ကို လေးနက်တဲ့ ထိရောက်မှုတွေရှိနေတယ်ဆိုတာ သတိပေးလိုပါတယ်။

မြန်မာစစ်တပ်ဟာ တိုင်းရင်းသားအဖွဲ့တချို့နဲ့ အပစ်အခတ်ရပ်စဲ ဆွေးနွေးမှုတွေ လုပ်နေတယ်ဆိုပေမဲ့ ကျန်တိုင်းရင်းသားတချို့ကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပါတယ်။ ကချင်၊ ရိုဟင်ဂျာ၊ ချင်းစတဲ့ လူတချို့ဟာ အိုးပစ်အိမ်ပစ် ထွက်ပြေးကြရပါတယ်။ ဒါတွေဟာ အကြမ်းဖက်လုပ်ရပ်တွေပါ။ အစိုးရဟာ ပြုပြင်ရေးတွေ လုပ်နေတယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမဲ့ ဒီပြဿနာရှိနေတာကိုတော့ သမ္မတအိုဘားမားက ထောက်ပြသင့်တယ်လို့ ထင်ပါတယ်။ လူမျိုးစုအားလုံးပါဝင်တဲ့ ဒုက္ခသည်အားလုံးအကျိုးကို ထည့်သွင်းစဉ်းစားတဲ့ လုပ်ရပ်မျိုးကို လုပ်ဆောင်သင့်ပါတယ်။”

သမ္မတအိုဘားမားရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ အောက်လွှတ်တော်အမတ်ရဲ့ စိုးရိမ်မကင်းဖြစ်မှုဟာ လူ့အခွင့်အရေးလူပ်ရှားသူတွေရဲ့ စိုးရိမ်မကင်းဖြစ်မှုနဲ့ ထပ်တူထပ်မျှဖြစ်နေတာကို တွေ့ရပါတယ်။ ဒါပေမယ့် သမ္မတအိုဘားမားရဲ့ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်ကတော့ မြန်မာသမ္မတဦးသိန်းစိန်အနေနဲ့ တုန့်နှေးနေတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ဒီခရီးစဉ်က တွန်းအားပေးရာ ရောက်စေလိမ့်မယ်လို့ ဆိုပါတယ်။ အဲ့တာနဲ့ပတ်သက်ပြီး အောက်လွှတ်တော်အမတ်ရဲ့ သဘောထားကို သိချင်ပါတယ်။

“သမ္မတအိုဘားမားက မြန်မာအစိုးရကို တိုက်တွန်းမယ်။ နိုင်ငံရေးဖြစ်စဉ်မှာ တိုင်းရင်းသားလူနည်းစုတွေနဲ့ ဘာသာရေးအုပ်စုတွေ အားလုံး ပါဝင်စေဖို့ ဆွေးနွေး ညှိနှိုင်းပြီး မြန်မာအစိုးရကလည်း ဒီအတိုင်းလုပ်မယ်ဆိုရင် စစ်မှန်တဲ့ ဒီမိုကရေစီ ထွန်းကားတဲ့ မြန်မာနိုင်ငံကို ဖော်ဆောင်ဖို့ အားထုတ်သွားမယ်ဆိုရင် ဒါဟာ သိပ်ကောင်းပါတယ်။ အဲ့ဒီ့အထဲက တစုံတခု လုပ်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုရင်တော့ ဒုက္ခရောက်နေရသူတွေ အခြေအနေ ပိုမိုဆိုးရွားသွားစေမှာပါ။ အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲမှု တချို့ လုပ်နေတယ် ဆိုတာ တွေ့ရပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတယ်။ သတင်း လွတ်လပ်ခွင့်တွေ နည်းနည်းပေးလာတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတယ်။ နိုင်ငံရေးမှာ ပါဝင်ခွင့်ပြုတယ်။ ပြည်ပခရီးသွားခွင့်ပေးတယ်။ ဒီကိုရောက်လာတော့ ကျနော် သူနဲ့တွေ့လိုက်ရပါတယ်။ ဒါတွေဟာ ကောင်းပါတယ်။ ကောင်းတဲ့ လုပ်ရပ်တွေပါ။

ဒါပေမဲ့ တဖက်မှာလည်း ရက်စက်ကြမ်းကြုတ်မှုတွေ လုပ်နေတာတွေ့ရပါတယ်။ ကချင်မှာဆိုရင် ဒီရက်စက်ကြမ်းကြုတ်မှုတွေဟာ စစ်ရာဇဝတ်မှု၊ ဒါမှမဟုတ် လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်မှုတွေ အဆင့်များရောက်နေသလားလို့ အသေးစိတ်စုံစမ်းစစ်ဆေးဖို့ လိုအပ်နေပါတယ်။ ဒီလိုတိုက်ပွဲတွေဆင်နွှဲနေတဲ့နေရာက မြန်မာစစ်တပ် ပြန်လည်ရုပ်သိမ်းဖို့ ပြီးတော့ အဓိပ္ပါယ်ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးမှုနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ချမှတ်ဖို့ သမ္မတအိုဘားမား က တောင်းဆိုသင့်ပါတယ်။ဒါမှကချင်နဲ့ ချင်းဒေသတွေမှာ နိုင်ငံရေးအရ ပြေလည်မှု ရရှိနိုင်မှာပါ။”

အခုမြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးတွေအပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။ နောက်ကို ပြန်လှည့်သွားနိုင်တယ် လို့ ဆိုနိုင်ပါသလား။ ဒါမှမဟုတ် ပြန်မလှည့်နိုင်တော့ဘူးလား။ ဘယ်လိုထင်မြင်ပါလဲရှင်။

“ပြန်လှည့်နိုင်တဲ့ သဘာဝရှိပါတယ်။ ဒါပေမဲ့ ပြန်မလှည့်ပါစေနဲ့လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်း ရှေ့တိုးပါစေလို့ ကျနော်တို့ မျှော်လင့်ပါတယ်။ သို့သော်လည်းပဲ သူတို့အနေနဲ့ ကချင်ဒေသနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဆီ စာနာမှုအထောက်အပံ့တွေ ရောက်ရှိအောင် ကုလသမဂ္ဂနဲ့ အလှူ့ရှင်အဖွဲ့အစည်း လွတ်လွတ်လပ်လပ် သွားရောက်ခွင့်ပေးသင့်ပါတယ်။ ချင်းတိုင်းရင်းသားတွေကို နှိပ်ကွပ်နေမှု၊ ချင်းတိုင်းရင်းသားတွေရဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို တိုက်ခိုက်နေမှုတွေကို ရပ်ဆိုင်းသင့်ပါတယ် ဒီရက်ပိုင်းလွတ်လာတဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ မပါဝင်တဲ့အတွက် ကျနော်စိတ်ပျက်မိပါတယ်။ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။”

သမ္မတအိုဘားမားဆီ လိပ်မူပြီးတော့ စာရေးပေးပို့သူတွေထဲက တဦး အပါအဝင်ဖြစ်တဲ့ အောက်လွှတ်တော်အမတ် Joe Pitts ကို ဒီကိစ္စနဲ့ပတ်သက်ပြီး ဗွီအိုအေမြန်မာပိုင်း အကြီးတန်းအယ်ဒီတာ ဒေါ်လှလှသန်းက ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG