သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်ဒုက္ခသည်တွေအတွက် လူသားစာနာမှု အကူအညီ အမေရိကန် ပေးပို့


အစ္စလာမ်မစ် စစ်သွေးကြွတွေတိုက်ခိုက်မှုကြောင့် အိုးအိမ်မဲ့ဖြစ်နေကြတဲ့ အီရတ်ပြည်သူများ။
အစ္စလာမ်မစ် စစ်သွေးကြွတွေတိုက်ခိုက်မှုကြောင့် အိုးအိမ်မဲ့ဖြစ်နေကြတဲ့ အီရတ်ပြည်သူများ။

အီရတ်နိုင်ငံ ကာ့ဒ်ဒေသ မြို့တော်အာဘေး (Irbil) နဲ့ မိုင် ၁၂၀ ကျော် ကွာဝေးတဲ့ နိုင်ငံ့မြောက်ပိုင်း တောင်တန်းတွေကြားမှာ အားကိုးရာမဲ့ နေတဲ့ ဒုက္ခသည်တွေကို အမေရိကန်စစ်တပ်က လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လေကြောင်းက ဆက်လက် ချပေးနေပါတယ်။

အစ္စလာမ် စစ်သွေးကြွတွေရဲ့ တိုက်ခိုက် အကြမ်းဖက်မှုတွေကြောင့် တောင်တန်းတွေကြားကို ထွက်ပြေးလာတဲ့ ခရစ်ယန်၊ ယာဇဒီနဲ့ အခြား လူနည်းစု ဘာသာဝင်တွေကို အစားအစာထုတ် ၅၂,၀၀၀ ကျော် နဲ့ သောက်ရေဂါလံ ၁၀၀၀၀ ကျော် လေကြောင်းက သုံးခေါက် ချပေးပြီးဖြစ်ပါတယ်။ ဗြိတိန် တပ်ဖွဲ့တွေကလည်း သူတို့ ပထမဦးဆုံး လူသားချင်းစာနာမှု အထောက်အကူတွေ ဒီကနေ့မှာ ချပေးခဲ့တာပါ။

စင်ဂျားတောင်ကြားမှာပိတ်ပိနေတဲ့ အီရတ်အရပ်သား ၅,၀၀၀ လောက်ဟာ ဆီးရီးယားနိုင်ငံထဲကို ထွက်ပြေးနိုင်ခဲ့ပြီး ကာ့ဒ် စစ်တပ်က ထိန်းချုပ်ထားတဲ့ အီရတ်မြောက်ပိုင်းကို ပြန်လည် ပို့ဆောင်နိုင်ခဲ့တယ်လို့ ဒေသခံတာဝန်ရှိသူတွေက ပြောပါတယ်။

အီရတ်နိုင်ငံမြောက်ပိုင်းမှာ အရပ်သားတွေကို ပစ်ခတ်နေတဲ့ အစ္စလာမ် စစ်သွေးကြွတွေကို လေကြောင်းကနေ နောက်ထပ် လေးခေါက် တိုက်ခိုက်ပြီပြီလို့ အမေရိကန်စစ်တပ်က ပြောပါတယ်။ ဒီ စနေတိုက်ခိုက်မှုမှာ သံချပ်ကာ လူသယ်ယာဉ်နဲ့ ထရပ်ကားတွေကို ဦးတည် တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် အလယ်ပိုင်း စစ်ဌာနာချုပ်က ပြောပါတယ်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီးမွန်းက အီရတ်က လုံခြုံရေးနဲ့လူသားချင်းစာနာမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး အလွန် စိုးရိမ်စရာကောင်းကြောင်း ပြောပါတယ်။ နောက်ပြီး သူက အီရတ်ခေါင်းဆောင်အားလုံးကို တနိုင်ငံလုံးလက်ခံနိုင်မယ့် အစိုးရဖွဲ့ဖို့နဲ့ စဉ်စားဆင်ခြင်ကြပါလို့ တောင်းဆိုထားပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ကလည်း အခြေအနေတွေကို မယုံနိုင်အောင်ဖြစ်ရပြီး အီရတ်နိုင်ငံက ပြဿနာတွေအတွက် အဖြေရှာဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း ဒီကနေ့မှာ တိုက်တွန်းလိုက်ပါတယ်။ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Laurent Fabius လည်း အီရတ်ကို ရောက်နေပြီး Baghdad နဲ့ အာဘေးမြို့တွေမှာ ဆွေးနွေးပွဲတွေလုပ်ဖို့ ရှိပါတယ်။ အီရတ်မှာ ကျယ်ပြန့်ပြီး စည်းလုံးတဲ့ အစိုးရဖွဲ့ဖို့လည်း သူက တိုက်တွန်းပါတယ်။

XS
SM
MD
LG