သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှု အားပေးတဲ့ နိုင်ငံစာရင်း ကျူးဘားကိုပယ်ဖျက်ဖို့ Obama ကြိုးပမ်း


အမေရိကန်ပြည်ထောင်စုအနေနဲ့ ကျူးဘားနိုင်ငံကို အကြမ်းဖက်မှုကို ထောက်ခံအားပေးတဲ့ နိုင်ငံစာရင်းကနေ ဖယ်ရှားပေးဖို့ သူ့အနေနဲ့ ရည်ရွယ်ကြောင်း အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား က အင်္ဂါနေ့က ပြောလိုက်ပါတယ်။

ဒါဟာ နှစ် ၅၀ ကြာ ကျွန်းနိုင်ငံဖြစ်တဲ့ ကျူးဘားနဲ့ ရန်လိုမုန်းထားမှုတွေအပြီး နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ထားရှိဖို့ သမ္မတရဲ့ကြိုးပမ်းမှု တစိတ်တပိုင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၆ လအတွင်း နိုင်ငံတကာ အကြမ်းဖက်မှုကို ထောက်ခံတာမျိုး ကျူးဘားနိုင်ငံအနေနဲ့ မပြုလုပ်ခဲ့တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြန်လည် သုံးသပ်ခဲ့ပြီးတဲ့နောက် သမ္မတက လွှတ်တော်ကို သူ့ရဲ့ရည်ရွယ်ချက်ကို ပြောကြားလိုက်တာပါ။

ဒါ့အပြင် ကျူးဘားအနေနဲ့ အကြမ်းဖက်မှုကို ထောက်ခံအားပေးဖို့ မရည်ရွယ်ကြောင်း အမေရိကန်ကို အာမခံပေးခဲ့ပြီး ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ ပနားမားမှာကျင်းပတဲ့ အမေရိကားတိုက်များဆိုင်ရာ ထိပ်သီးညီလာခံမှာ နှစ် ၅၀ ကျော်ကြာအတွင်း နှစ်နိုင်ငံခေါင်းဆောင်တို့ မျက်နှာချင်းဆိုင် ပထမဆုံးအကြိမ် တွေ့ဆုံမှုအဖြစ် ကျူးဘားသမ္မတ Raul Castro နဲ့ သူတွေ့ဆုံခဲ့အပြီး ရက်အနည်းငယ်အကြာမှာ သမ္မတ အိုဘားမားက အခုလို အရေးယူ ဆောင်ရွက်လိုက်တာပါ။

အဲဒီအကြမ်းဖက်မှုကို ထောက်ခံအားပေးတဲ့ နိုင်ငံစာရင်းဝင်ဖြစ်ခြင်းဟာ ပင်လယ်ပြင် ၁၄၅ ကီလိုမီတာခြားနေတဲ့ နှစ်နိုင်ငံအကြား ပုံမှန်ဆက်ဆံရေးထားရှိဖို့ အဓိက အဟန့်အတား ဖြစ်ခဲ့ပါတယ်။

XS
SM
MD
LG