သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်တာနက်လုံခြုံရေး သမ္မတ အိုဘားမား တရုတ်နဲ့ ဆွေးနွေးမည်


ရှေ့သီတင်းပတ်ထဲ တရုတ်သမ္မတ ရှီ ဂျင်းပင် (Xi Jinping) နဲ့ တွေ့ဆုံတဲ့အခါ ဆိုက်ဘာ အင်တာနက် လုံခြုံရေး ကိစ္စတွေကို အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ဆွေးနွေးမှာ ဖြစ်တဲ့အကြောင်း အိမ်ဖြူတော်က ကြေညာလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းတွေကို အင်တာနက် ထိုးဖောက် တိုက်ခိုက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထပ်မံ ထွက်ပေါ်လာတဲ့အပေါ်မှာ တစုံတရာ မှတ်ချက်ပေး ပြောဆိုတာမျိုး မရှိပေမဲ့ ကယ်လီဖိုးနီးယားပြည်နယ်မှာ တရုတ်သမ္မတနဲ့ တွေ့ဆုံတဲ့အခါ အင်တာနက် တိုက်ခိုက်မှုတွေ အန္တရာယ်က ကာကွယ်ရေး ဆွေးနွေးဖြစ်ဖို့က သေချာတဲ့ အကြောင်း အိမ်ဖြူတော် ပြောခွင့်ရသူ ဂျေး ကာနေး (Jay Carney) က ပြောခဲ့တာပါ။

သမ္မတ အိုဘားမား အစိုးရအနေနဲ့ ဆိုက်ဘာအင်တာနက် လုံခြုံရေးကို အဓိက စိုးရိမ်စရာ ကိစ္စတခုအဖြစ် သဘောထားတဲ့အတိုင်း တရုတ်အစိုးရ တာဝန်ရှိသူ အဆင့်ဆင့်နဲ့ တွေ့ဆုံတဲ့ အခါတိုင်းမှာ ပြောဆိုလေ့ ရှိတယ်လို့လည်း ဆိုပါတယ်။

တနင်္လာနေ့ထုတ် Washington Post သတင်းစာမှာတော့ အမေရိကန်က ထိပ်တန်း အဆင့်မြင့် လက်နက်တချို့ရဲ့ အချက်အလက်တွေကို တရုတ် အင်တာနက် သူလျှိုတွေက ရယူခဲ့တဲ့အကြောင်း စွပ်စွဲထားတဲ့ ကာကွယ်ရေးဆိုင်ရာ လျိူ့ဝှက် အစီရင်ခံစာရဲ့ တစိတ်တပိုင်းကို ဖော်ပြခဲ့တာပါ။

အရင်တုန်းက မသိရသေးတဲ့ အဖြစ်အပျက်တွေ အပါအဝင် အမေရိကန်ရဲ့ ဒုံးပျံ ကာကွယ်ရေးနဲ့ တခြားလက်နက် စနစ်တွေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံက ဟက်ကာတွေထံ ပေါက်ကြားမှုပေါင်း ၂၀ ကျော် ရှိခဲ့တယ်လို့လည်း လျိူ့ဝှက် အစီရင်ခံစာက ဖော်ပြထားပါတယ်။

တရုတ်အစိုးရကတော့ အင်တာနက် ထိုးဖောက်ဝင်ရောက်မှုတွေနဲ့ ပတ်သက်လို့ အခိုင်အမာ ငြင်းဆန်ထားတာဖြစ်သလို၊ တရုတ်နိုင်ငံရဲ့ ကာကွယ်ရေးဆိုင်ရာ ဝဘ်ဆိုဒ်တွေကို အမေရိကန်က ဟက်ကာတွေရဲ့ တိုက်ခိုက်တာကိုတောင် ခံနေရတဲ့အကြောင်း ပြန်လှန်စွပ်စွဲနေတာ ဖြစ်ပါတယ်။
XS
SM
MD
LG