သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နဲ့ Clinton စကားစစ်ထိုးပွဲ အကြိတ်အနယ်


အမေရိကန်သမ္မတလောင်း နှစ်ဦးဖြစ်ကြတဲ့ Donald Trump နဲ့ Hillary Clinton တို့ဟာ နိုင်ငံ့ရဲ့ စီးပွားရေးနဲ့ပတ်သက်လို့ အမြင်မတူကြတဲ့ အစီအစဉ်တွေအပြင် ပြည်ပမှာ အမေရိကန်ပြည်ထောင်စုရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ တနင်္လာနေ့က ပွဲဦးထွက်ကျင်းပတဲ့ စကားစစ်ထိုးပွဲမှာ ချပြသွားခဲ့ကြပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့ သမ္မတရွေးကောက်ပွဲမတိုင်ခင် မျက်နှာချင်းဆိုင် စကားစစ်ထိုးပွဲ ၃ ကြိမ်အနက် ပထမတကြိမ်မှာတော့ Hillary Clinton က အနိုင်ရနေတယ်လို့ CNN လူထုစစ်တမ်းကောက်ယူချက်တွေမှာ ဖော်ပြနေတာပါ။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

Republican ပါတီသမ္မတလောင်း Donald Trump နဲ့ ဒီမိုကရက်ပါတီ သမ္မတလောင်း Hillary Clinton တို့ တနင်္လာနေ့ညက ပထမဦးဆုံးအကြိမ် နယူးယောက်ပြည်နယ် Hofstra တက္ကသိုလ်မှာ ကျင်းပခဲ့တဲ့ စကားစစ်ထိုးပွဲကို အမေရိကန်နိုင်ငံသားတွေနဲ့ နိုင်ငံတကာကပါ စံချိန်ချိုး ကြည့်ရှုခဲ့ကြတာဖြစ်ပါတယ်။ အဲဒီစကားစစ်ထိုးပွဲအပြီး CNN နဲ့ ORC က ကောက်ခံတဲ့ လူထုစစ်တမ်းတွေအရ ကြည့်ရှုသူ ၆၂% က ဒီစကားစစ်ထိုးပွဲမှာ ကလင်တန်က အသာရတယ်။ ၂၇% က Donald Trump က အသာရတယ်လို့ ဖြေကြားခဲ့ကြပါတယ်။ အဲဒီနေ့ညက စကားစစ်ထိုးပွဲမှာ Donald Trump က ဒေါ်လာဘီလီယံနဲ့ချီတဲ့ အိမ်ခြံမြေလုပ်ငန်းကြီးကို မ တည်နိုင်ခဲ့တဲ့ အောင်မြင်မှုကို ထုတ်ကြွားခဲ့ပြီး နိုင်ငံကို ငွေနဲ့ပတ်သက်လို့ နားလည်သူတဦးက ခေါင်းဆောင်ဖို့ အချိန်တန်ပြီလို့ ပြောခဲ့ပါတယ်။

“ကျနော်တို့နိုင်ငံက ပြဿနာတွေ အများကြီး ရှိနေပါတယ်။ ကြွေးတင်နေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ တကယ်ပဲ စိုးရိမ်ရလောက်တဲ့ အကြွေးတွေတင်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ လမ်းအသစ်တွေ၊ ဥမင်လှိုဏ်ခေါင်းအသစ်တွေ၊ တံတားသစ်တွေ၊ လေယာဉ်ကွင်းအသစ်တွေ၊ ကျောင်း၊ ဆေးရုံအသစ်တွေ လိုအပ်နေပါတယ်။ ဒါတွေအတွက် ငွေမရှိပါဘူး။ Clinton ပေးတဲ့ အကြံဉာဏ်တွေကြောင့် တခြားနေရာတွေမှာ ဖြုန်းနေလို့ပါပဲ။”

ဒီမိုကရက်ပါတီ သမ္မတလောင်း Hillary Clinton ကတော့ နိုင်ငံအနေနဲ့ လွန်ခဲ့တဲ့ ၈ နှစ်က စီးပွားရေး ချွတ်ခြုံကျစေခဲ့တဲ့ မအောင်မြင်တဲ့ ပေါ်လစီကို ပြန်မကျင့်သုံးဖို့ ရှောင်ကြဉ်သင့်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

“၁၉၃၀ ခုနှစ်များနောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေးကပ်ကြီးကို နိုင်ငံအနေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အဲဒါကလည်း ချမ်းသာသူတွေအပေါ် ကောက်ခံတဲ့ အခွန်ငွေတွေကို လျှော့ချတာ၊ လူလတ်တန်းစားတွေအတွက် ရင်းနှီးမြှုပ်နှံမှု နည်းပါးတာ၊ Wall Street Stock အရောင်းအဝယ် ဈေးကွက်ကြီးကို သေသေချာချာ စောင့်မကြည့်ဘဲ လွှတ်ထားမိတာ၊ အဲဒါတွေအားလုံး စီးပွားရေးမုန်တိုင်းကြီးကို ဖန်တီးပေးလိုက်တာပါပဲ” - လို့ Hillary Clinton က တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံခြားရေးပေါ်လစီနဲ့ ပတ်သက်လို့ Trump က - Clinton အနေနဲ့ သမ္မတ Obama ပထမသက်တမ်းတုန်းက နိုင်ငံခြားရေးဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့စဉ် အတွေ့အကြုံတွေရခဲ့တယ်ဆိုပေမဲ့လို့ ဒါဟာ မကောင်းတဲ့ အတွေ့အကြုံတွေဖြစ်တယ်၊ Clinton ဟာ သမ္မတတဦးမှာရှိသင့်တဲ့ စွမ်းအင်မျိုး မရှိဘူးလို့ ဝေဖန်လိုက်ပါတယ်။ ဒါကို Hillary Clinton က တုံ့ပြန်ခဲ့တာကတော့ -

“Donald Trump သာ ကျမလို နိုင်ငံပေါင်း ၁၁၂ နိုင်ငံကို ခရီးထွက်မယ်။ ငြိမ်းချမ်းရေးသဘောတူညီမှုရဖို့ စေ့စပ်ညှိနှိုင်းမယ်။ အပစ်ရပ်စာချုပ် ချုပ်ဆိုမယ်။ အစိုးရနဲ့ သဘောထားကွဲပြားလို့ အဖမ်းခံရသူတွေ ပြန်လွတ်ရေးအတွက် ဆောင်ရွက်မယ်။ ကမ္ဘာတဝှမ်း နိုင်ငံတွေမှာ အခွင့်အလမ်းသစ်တွေ ဖွင့်စေဖို့ ဆောင်ရွက်ပေးမယ်။ ဒါမှမဟုတ် လွှတ်တော်ကော်မတီရှေ့မှောက်မှာ ၁၁ နာရီကြာအောင် စစ်ဆေးခံမယ်။ ကျမလို အဲဒါတွေ လုပ်နိုင်တယ်လို့ သူ သက်သေပြနိုင်တဲ့အခါကျမှ ကျမကို စွမ်းအင်မရှိဘူးလို့ သူ ဝေဖန်သင့်တယ်” - လို့ Hillary Clinton က ချေပခဲ့ပါတယ်။

ဒါ့အပြင် အာရှနဲ့ပတ်သက်လို့ အမေရိကန်ရဲ့ အကာအကွယ်ကိုယူနေတဲ့ အာရှမဟာမိတ်တွေအနေနဲ့ တပ်တွေရဲ့ ကုန်ကျစရိတ်ကို မထည့်ဝင်ကြဘူးဆိုရင် အမေရိကန်တပ်တွေကို ပြန်ရုပ်သိမ်းမယ်လို့ Trump က ပြောခဲ့တာကို Clinton က ထောက်ပြခဲ့ပါတယ်။

“ဂျပန်၊ တောင်ကိုရီးယားအပြင် ဆော်ဒီအာရေးဘီးယား လို နိုင်ငံမျိုးတောင်မှ နျူကလီးယား လက်နက်ပိုင်ဆိုင်ရင် သူ့အနေနဲ့ ဂရုမစိုက်ဘူးလို့ Trump က ကြိမ်ဖန်များစွာ ပြောခဲ့တာဖြစ်တယ်လို့ Clinton က ထောက်ပြခဲ့ပါတယ်။”

Trump ကတော့ အမေရိကန်ရဲ့ စစ်ရေးအထောက်အကူပေးမှုတွေကို စရိတ်စက ကာမိစေအောင် အပေးအယူလုပ်ဖို့ ရည်ညွှန်းပြောကြားခဲ့တာကို Clinton က တလွဲထင်အောင်လုပ်တာလို့ ပြန်ချေပခဲ့ပါတယ်။

“ကျနော်ပြောခဲ့တာက အဲဒီနိုင်ငံတွေက ကာကွယ်ရေးအတွက် သူတို့ တာဝန်ယူမှာလား။ ဒါမှမဟုတ် ကုန်ကျစရိတ်ကို အမေရိကန်နဲ့ မျှပြီးတော့ ခံမှာလား ဆိုတာပါပဲ။ ကျနော်တို့နိုင်ငံက ဒေါ်လာ သန်းပေါင်း သန်း ၂၀ တောင် အကြွေးတင်နေတာမှာ သူတို့က ဝိုင်းကူရမှာပေါ့။”

ဒါ့အပြင် စကားစစ်ထိုးပွဲအတွင်းမှာ Trump က Clinton ဟာ မဲဆွယ်လှုပ်ရှားမှုတွေကို မလုပ်ဘဲ စကားစစ်ထိုးပွဲအတွက် အခန်းအောင်းပြီး ပြင်ဆင်နေတယ်လို့ ထောက်ပြပြောကြားခဲ့ရာမှာ Clinton ကတော့ သူ့အနေနဲ့ စကားစစ်ထိုးပွဲအတွက် ပြင်ဆင်ရုံတင်မကဘူး သမ္မတဖြစ်ဖို့အတွက်ပါ ပြင်ဆင်နေတယ်လို့ တုံ့ပြန်ပြောကြားခဲ့တဲ့အတွက်ကြောင့် ပရိတ်သတ်တွေ သဘောကျခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

Trump နဲ့ Clinton တို့နှစ်ဦးဟာ နောက်ထပ် စကားစစ်ထိုးပွဲ ၂ ကြိမ် ထပ်ကျင်းပဖို့ရှိပြီး ဒီတကြိမ်ကျရင်တော့ Trump က Clinton ကို ညှာမှာ မဟုတ်ဘူးလို့ သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG