သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ကြွေးမြီ ပမာဏသတ်မှတ်ရေး အောက်လွှတ်တော်အတည်ပြု


အမေရိကန်ကြွေးမြီ ပမာဏသတ်မှတ်ရေး အောက်လွှတ်တော်အတည်ပြု
အမေရိကန်ကြွေးမြီ ပမာဏသတ်မှတ်ရေး အောက်လွှတ်တော်အတည်ပြု

အမေရိကန်အစိုးရအနေနဲ့ ရှေ့တပတ်ထဲကျရင် ပေးစရာရှိတဲ့အကြွေးတွေကို မပေးနိုင်မယ့်အဖြစ်ကနေ ရှောင်ရှားနိုင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ကြွေးမြီသုံးစွဲခွင့် ၁၄.၃ ထရီလီယံ သတ်မှတ်ချက်ကို တိုးမြှင့်ဖို့နဲ့ အစိုးရ အသုံးစားရိတ် ဖြတ်တောက်ရေး ပြန်လည်ပြင်ဆင်ထားတဲ့ အဆိုတရပ်ကို အထက်လွှတ်တော်ရဲ့ ကန့်ကွက်ချက်တွေကြားကပဲ အောက်လွှတ်တော်မှာ မဲခွဲ အတည်ပြုလိုက်ပါတယ်။

သောကြာနေ့က အောက်လွှတ်တော်ထဲမှာ ထောက်ခံမဲ (၂၁၈) မဲ၊ ကန့်ကွက်မဲ (၂၁၀) နဲ့ အတည်ပြု ပေးလိုက်တဲ့ အစီအစဉ်ဟာ ဒီမိုကရက်တွေ အများစုဖြစ်တဲ့ အထက်လွှတ်တော်မှာ ပယ်ချခံရဖွယ် ရှိပေမဲ့လဲ အကြွေးမဆပ်နိုင်တဲ့ အခြေအနေတွေကို ရှောင်ရှားနိုင်မယ့် နှစ်ပါတီပေါင်း သဘောတူညီချက် တရပ်အတွက်တော့ လမ်းစပွင့် သွားခဲ့တာပါ။ အတည်ပြုလိုက်တဲ့ အစီအစဉ်ကိုတော့ အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန်ဘိုနာ (John Boehner) က တင်သွင်းခဲ့တာဖြစ်ပြီး အကြွေးယူခွင့် တိုးမြှင့်ပြီး အပြန်အလှန်အနေနဲ့ လာမယ့် ၁၀ နှစ်အတွင်း အစိုးရအသုံးစားရိတ်ထဲက ဒေါ်လာဘီလီယံ ၉၀၀ ကျော် ဖြတ်တောက်ဖို့ ပါဝင်ပါတယ်။

အစိုးရက အသုံးစားရိတ်တွေ လျှော့ချနိုင်ရင် ရှေ့နှစ်ဆန်းမှာ သတ်မှတ်ချက်ကို တိုးခွင့်ပေးသွားဖို့လည်း ထည့်သွင်းထားတာပါ။ ဒါပေမဲ့လဲ ဒီမိုကရက်တွေဘက်ကတော့ ဒါဟာ ပြဿနာတွေ တကျော့ပြန် ပေါ်လာပြီး နိုင်ငံရေး ကွဲလွဲမှုတွေကို ဦးတည်စေမှာမို့ လက်မခံနိုင်ကြောင်း ပြောဆိုထားတာပါ။ အောက်လွှတ်တော် အဆိုပြုချက်မှာ အစိုးရအသုံးစားရိတ်အတွက် လွှတ်တော်ကနေ အခြေခံဥပဒေမှာ ပြင်ဆင်မှုတွေလုပ်ပြီး သက်ဆိုင်ရာ ပြည်နယ်တွေက အတည်ပြုချက်တွေ ရယူဖို့လည်း ထည့်သွင်းထားတာ ဖြစ်ပါတယ်။

သောကြာနေ့ မဲခွဲဆုံးဖြတ်မှုတွေ မလုပ်ခင်မှာတော့ အောက်လွှတ်တော်ဥက္ကဋ္ဌက အကြွေးပြဿနာ အဆုံးသတ်စေရေး အထက်လွှတ်တော်က ဒီဥပဒေမူကြမ်းကို အတည်ပြုဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
ဒီအတောအတွင်း အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေး ဖွံဖြိုးမှုဟာ ပထမနှစ်ဝက်အတွင်း နှေးကွေးခဲ့တယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ပြည်တွင်း လူတဦးချင်း ကုန်ထုတ်လုပ်မှုဟာ ၁.၃% လောက်သာ ရှိတဲ့အကြောင်း ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ သောကြာနေ့ အစီရင်ခံစာက ဖော်ပြလိုက်တာဖြစ်ပါတယ်။

XS
SM
MD
LG