သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ငွေကြေးသိက္ခာ ပထမဆုံးအကြိမ် အဆင့်လျော့


အမေရိကန်ငွေကြေးသိက္ခာ ပထမဆုံးအကြိမ် အဆင့်လျော့
အမေရိကန်ငွေကြေးသိက္ခာ ပထမဆုံးအကြိမ် အဆင့်လျော့

အမေရိကန်ပြည်ထောင်စုက အကြွေးပေးဖို့ယုံကြည်စိတ်ချရတဲ့အခြေအနေကို တိုင်းတာသတ်မှတ်တဲ့ S&P လို့ခေါ်တဲ့ကုမ္ပဏီက အမေရိကန်နိုင်ငံရဲ့ အကြွေးပေးဖို့စိတ်ချရတဲ့အခြေအနေကို ပထမဆုံးအကြိမ်အဖြစ် လျှော့ချလိုက်ပါတယ်။ AAA အဆင့် သတ်မှတ်ထားရာကနေ AA နဲ့ အပေါင်းလက္ခဏာ အဆင့်အထိ လျှော့ချခဲ့တာပါ။ တိုင်းပြည်ရဲ့လိုငွေပြမှု လျှော့ချရေးအစီအစဉ်ကို လွှတ်တော်က အင်္ဂါနေ့မှာ အတည်ပြု ပြဌာန်းခဲ့ပြီးတဲ့နောက်ပိုင်း S&P ကုမ္ပဏီက မနေ့ကပဲ အခုလို အဆင့်လျှော့ချခဲ့ပါ။ ဘာကြောင့်လဲ ဆိုတော့ လွှတ်တော်ရဲ့ပြဌာန်းချက်ဟာ နိုင်ငံမှာတင်နေတဲ့ အကြွေးပြဿနာကို တည်ငြိမ်အောင်လုပ်ဖို့ လုံလောက်တဲ့ဆောင်ရွက်မှု မဟုတ်တာကြောင့်ပဲလို့ S&P ကုမ္ပဏီကပြောပါတယ်။

အခုလိုအကြွေးပေးဖို့ ယုံကြည်စိတ်ချရတဲ့အတိုင်းအတာ လျော့ကျလာတဲ့ အခြေအနေဟာ နိုင်ငံရဲ့မူဝါဒရေးဆွဲရေးနဲ့ နိုင်ငံရေးအင်အားစုတွေက နိုင်ငံမှာကြုံနေရတဲ့ စီးပွားရေးအခက်အခဲတွေကို ထိထိရောက်ရောက်နဲ့ မဖြေရှင်းနိုင်တာတွေ၊ တည်ငြိမ်အောင် မလုပ်နိုင်တာတွေနဲ့ ကြိုတင်ခန့်မှန်း တွက်ချက်မှုတွေ အားနည်းတာကြောင့်ဖြစ်တယ်ဆိုတာကို ရောင်ပြန်ဟပ်တဲ့သဘောပဲလို့ S&P က ပြောပါတယ်။

အခုအဆင့်လျှော့ချမှုအသစ်ဟာ အလားအလာမကောင်းဘူးလို့ S&P က ရှုမြင်ပြီး လာမယ့် ၂ နှစ်အတွင်း နောက်တကြိမ်ထပ်ပြီး လျော့ကျလာနိုင်တဲ့သဘောပဲလို့လည်း ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ သန်းနဲ့ချီတဲ့ပြည်သူတွေဟာ အလုပ်အကိုင်ရဖို့ အပြင်းအထန် ကြိုးစားနေကြရပါတယ်။

အလုပ်အကိုင်ဈေးကွက် အလားအလာမကောင်းတဲ့ အခြေအနေတွေကို သမ္မတဘားရက်အိုဘားမားက အဓိကထား အာရုံစိုက်ပြီး သူ့ရဲ့ စနေနေ့အပတ်စဉ်မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။ အမေရိကန်ပြည်သူတွေ အလုပ်အကိုင်တွေရရှိလာဖို့၊ ကျဆင်းနေတဲ့စီးပွားရေး မြန်မြန်ဆန်ဆန် တိုးတက်လာဖို့ဟာ နိုင်ငံရဲ့အရေးပေါ်လုပ်ငန်းတရပ်ပဲလို့ သမ္မတအိုဘားမားက ပြောပါတယ်။

လွှတ်တော်အတွင်းမှာ ဒီမိုကရက်နဲ့ ရီပါဘလစ်ကန် လွှတ်တော်ကိုယ်စားလှယ်တွေဟာ အတူပူးပေါင်းပြီး အခြေအနေတွေကို တိုးတက်လာအောင်လုပ်ဆောင်ကြဖို့ကိုလည်း သမ္မတအိုဘားမားက တိုက်တွန်းခဲ့ပါတယ်။

XS
SM
MD
LG