သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြွေးမြီအကျပ်အတည်း ဖြေရှင်းရေး အမေရိကန် သမ္မတနဲ့ လွှတ်တော် ဆက်လက်ဆွေးနွေး


ကြွေးမြီအကျပ်အတည်း ဖြေရှင်းရေး အမေရိကန် သမ္မတနဲ့ လွှတ်တော် ဆက်လက်ဆွေးနွေး
ကြွေးမြီအကျပ်အတည်း ဖြေရှင်းရေး အမေရိကန် သမ္မတနဲ့ လွှတ်တော် ဆက်လက်ဆွေးနွေး

အမေရိကန် ပြည်ထောင်စု တင်နေတဲ့ အကြွေး ၁၄.၃ ထရီလီယံကို အစိုးရက ပြန်မဆပ်နိုင်တဲ့အဖြစ် မရောက်အောင် အပေးအယူလုပ် သဘောတူညီမှု ရနိုင်ဖို့အတွက် အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ ကွန်ဂရက်စ်လွှတ်တော် ခေါင်းဆောင်တွေ အချိန်နဲ့အပြိုင် ကြိုးစားနေကြပါတယ်။

အင်္ဂါနေ့မှာမှ အစိုးရချေးနိုင်တဲ့ ပမာဏကို မမြှင့်နိုင်ရင် အကြွေးတွေ ပြန်မဆပ်နိုင်တဲ့ အခြေအနေ ဆိုက်တော့မှာ ဖြစ်ပါတယ်။

အပေးအယူတခု ရဖို့အတွက် အရမ်းကို နီးကပ်နေပါပြီလို့ ဆီးနိတ် အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် ရီပတ်ဘလီကန်အမတ် မစ်ချ် မက်ကောနဲလ် (Mitch McConnell) က တနင်္ဂနွေနေ့က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဆီးနိတ် လူများစုခေါင်းဆောင် ဒီမိုကရက်အမတ် ဟယ်ရီ ရိဒ် (Harry Reid) ကလည်း အတည်ပြုဖို့ လိုသေးတဲ့ သဘောတူညီမှု တခုကို ရီပတ်ဘလီကန်တို့နဲ့ လုပ်လိုက်ပြီလို့ ပြောပါတယ်။

ဆီးနိတ် အထက်လွှတ်တော်က အတည်ပြုလိုက်တဲ့ သဘောတူညီမှု မှန်သမျှကလည်း အောက်လွှတ်တော်ရဲ့ ထောက်ခံမှုရဖို့ လိုပါတယ်။

အဆိုပြုထားတဲ့ အပေးအယူကို သူ့ပါတီဝင်တွေနဲ့ ဆွေးနွေးဖို့အတွက် အောက်လွှတ်တော် ပြောခွင့်ရသူ ရီပတ်ဘလီကန်အမတ် ဂျွန်ဘေနာ (John Boehner) ဟာ တယ်လီဖုန်းပေါ်ကနေ တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

အောက်လွှတ်တော် လူနည်းစုခေါင်းဆောင် ဒီမိုကရက်အမတ် နန်စီ ပလိုစီ (Nancy Pelosi) ကတော့ သူ့ရဲ့ အောက်လွှတ်တော် ဒီမိုကရက် အမတ်တွေနဲ့ တနင်္လာနေ့မှာ ဆွေးနွေးမှာ ဖြစ်ပါတယ်။

အဆိုပြုထားတဲ့ သဘောတူညီချက် မူကြမ်းကို တနင်္လာနေ့ထက် စောပြီးတော့ မဲခွဲ ဆုံးဖြတ်နိုင်မယ့်ပုံ မရပါဘူး။

အခုနောက်ဆုံး အပေးအယူ လုပ်ထားတဲ့ အစီအစဉ်က အစိုးရ ချေးနိုင်တဲ့ ပမာဏကို မြှင့်ပေးမယ့် တချိန်တည်းမှာပဲ အစိုးရက အသုံးစရိတ်ကို ၂ ထရီလီယံအထိ လျှော့ချရမှာ ဖြစ်ပါတယ်။

အမေရိကန် အစုရှယ်ယာ ဈေးကွက်တင်မက တကမ္ဘာလုံးမှာရှိတဲ့ အစုရှယ်ယာ ဈေးကွက်တွေကလည်း ဝါရှင်တန်ဒီစီ မြို့တော်မှာ ဖြစ်နေတဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို အနီးကပ် စောင့်ကြည့်နေကြပါတယ်။

တကယ်လို့သာ သဘောတူညီမှု မရကြဘူးဆိုရင် နာလန်ထူကာစ အတိမ်းအစောင်း မခံနိုင် ဖြစ်နေတဲ့ ကမ္ဘာ့စီးပွားရေးကို ထိခိုက်နိုင်တာကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG