သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြွေးမြီကိစ္စ သမ္မတ အိုဘားမားနဲ့ လွှတ်တော်ခေါင်းဆောင်တွေ သဘောတူညီမှုရရှိ


ကြွေးမြီကိစ္စ သမ္မတ အိုဘားမားနဲ့ လွှတ်တော်ခေါင်းဆောင်တွေ သဘောတူညီမှုရရှိ
ကြွေးမြီကိစ္စ သမ္မတ အိုဘားမားနဲ့ လွှတ်တော်ခေါင်းဆောင်တွေ သဘောတူညီမှုရရှိ

သမ္မတ အိုဘားမား (Barack Obama) နဲ့ ဥပဒေပြုလွှတ်တော် ခေါင်းဆောင်တွေကြား အမေရိကန် အစိုးရ ချေးယူနိုင်တဲ့ ငွေပမာဏ တိုးမြှင့်ရေးနဲ့ မကြုံစဘူး ပေးဆပ်ရန် တာဝန်ပျက်ကွက်မယ့် အခြေအနေ မဖြစ်ရအောင် အပေးအယူ လိုက်လျောမှုတွေ လုပ်နိုင်ခဲ့ကြပြီး သဘောတူညီမှု ရရှိသွားပါပြီ။

လာမယ့် ၁၀ နှစ်အတွင်း အစိုးရ အသုံးစရိတ် ၁ ထရီလီယံဒေါ်လာ (ဒေါ်လာသန်းပေါင်း ၁၀၀,၀၀၀) လျှော့ချရေးနဲ့ နောက်ထပ် အသုံးစရိတ်တွေ အကြီးအကျယ် လျှော့ချရေးအတွက် ပါတီကြီး ၂ ခုစလုံးပါ ခုံသမာဓိအဖွဲ့ ဖွဲ့စည်းပြီး ကြီးကြပ်နိုင်ဖို့အတွက် အဆိုပြုချက်တွေကို သဘောတူခဲ့ကြတာ ဖြစ်တယ်လို့ သမ္မတ အိုဘားမားက သတင်းထောက်တွေကို မနေ့က ရှင်းပြခဲ့ပါတယ်။

ဒီ ခုံသမာဓိအဖွဲ့ အနေနဲ့ အခွန်အတုပ် တိုးကောက်ရေးနဲ့ Medicare ခေါ် သက်ကြီးရွယ်အိုတွေအတွက် ကျန်းမာရေး ဝန်ဆောင်မှုပေးတဲ့ လူမှုဝန်ထမ်း အစီအစဉ်တွေ အပါအဝင် ဘက်ပေါင်းစုံက အသုံးစရိတ် ခြိုးခြံ ချွေတာရေးကို ထည့်သွင်း စဉ်းစားကြဖို့ ဖြစ်ပါတယ်။ ဒီသဘောတူညီချက်ကို ကွန်ဂရက်စ် လွှတ်တော်က အတည်ပြုပေးဖို့ လိုနေပါသေးတယ်။

ဒီမိုကရက် အများစု ထိန်းချုပ်တဲ့ ဆီးနိတ် အထက်လွှတ်တော်က အတည်ပြုဖို့ ရှိပေမဲ့ ရီပတ်ဘလီကန်တွေ ဦးဆောင်တဲ့ အောက်လွှတ်တော်မှာတော့ ကန့်ကွက်တာတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

အစိုးရက ချေးယူနိုင်တဲ့ ငွေပမာဏ ၁၄.၃ ထရီလီယံ ဒေါ်လာထက် ပိုတိုးရေး ဒီနေ့ မဲခွဲနိုင်ကြဖို့ ရှိပြီး ပါတီ ၂ ရပ်စလုံးက ဒီသဘောတူညီချက် အတည်ပြုနိုင်ဖို့ မဲအလုံအလောက် ရရှိလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

အခု သဘောတူညီလိုက်တဲ့ အဆိုပြုချက်ဟာ နိုင်ငံရဲ့ လိုငွေလျှော့ချရေးနဲ့ ပေးဆပ်ရန် ရှိတာကို တာဝန်ကျေအောင် ပေးနိုင်မှာဖြစ်လို့ ပျက်ကွက်မယ့် အရေးကို ရှောင်လွှဲနိုင်မှာ ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

တကယ်လို့သာ ပေးဆပ်ရန် တာဝန်တွေ ပျက်ကွက်ခဲ့မယ်ဆိုရင် အမေရိကန် စီးပွားရေး အကြီးအကျယ် နစ်နာသွားလိမ့်မယ်လို့လည်း ပြောပါတယ်။

ဒီသဘောတူညီချက်အရ ချေးယူနိုင်တဲ့ ပမာဏကို ၂၀၁၃ ခုနှစ်အထိ ထပ်တိုးစရာ မလိုတော့ဘဲ ယိုင်နဲ့နေတဲ့ စီးပွားရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် ခိုင်မာလာစေဖို့ သေချာသွားပါပြီလို့ အိမ်ဖြူတော်က ပြောပါတယ်။

ဒါ့အပြင် ဒီသဘောတူညီမှုကြောင့် ရှေ့လာမယ့် သမ္မတနဲ့ လွှတ်တော် ရွေးကောက်ပွဲတွေ ပြီးတဲ့အထိ ဒီပြဿနာကို ထည့်ပြီး တဘက်နဲ့တဘက် အပြစ်တင်စရာ မလိုတော့ဘူးလို့လည်း အိမ်ဖြူတော်က ပြောပါတယ်။

XS
SM
MD
LG