သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ကြွေးမြီ သဘောတူညီချက် အောက်လွှတ်တော် အတည်ပြု


အမေရိကန် ကြွေးမြီ သဘောတူညီချက် အောက်လွှတ်တော် အတည်ပြု
အမေရိကန် ကြွေးမြီ သဘောတူညီချက် အောက်လွှတ်တော် အတည်ပြု

အမေရိကန် အစိုးရ အနေနဲ့ ငွေချေးနိုင်တဲ့ ပမာဏ တိုးမြှင့်ပြီး အသုံးစရိတ်တွေ လျှော့ချဖို့အတွက် အဆိုပြုထားတဲ့ ဥပဒေမူကြမ်းကို အောက်လွှတ်တော်က မဲခွဲ အတည်ပြုလိုက်ပါပြီ။

အစိုးရအနေနဲ့ အကြွေးတွေ ပြန်မဆပ်နိုင်တော့မယ့် အရေးနဲ့ ရင်ဆိုင်ရဖို့ တရက်အလိုမှာပဲ အခုလို အောက်လွှတ်တော်က မဲခွဲ အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။

ဒီမိုကရက်တစ်၊ ရီပတ်ဘလီကန်နဲ့ သမ္မတ အိမ်ဖြူတော် သုံးပွင့်ဆိုင် သဘောတူ ဆုံးဖြတ်ခဲ့တဲ့ အဲဒီမူကြမ်းကို အောက်လွှတ်တော်က ထောက်ခံမဲ ၂၆၉ မဲ၊ ကန့်ကွက်မဲ ၁၆၁ မဲနဲ့ အတည်ပြုပေးလိုက်တာပါ။

ဒီဥပဒေမူကြမ်းအရ အစိုးရ ပုံမှန် လည်ပတ်နိုင်ဖို့အတွက် ငွေတွေ ဆက်ချေးနိုင်တော့မှာ ဖြစ်သလို တချိန်တည်းမှာလည်း လာမယ့် ၁၀ နှစ်အတွင်း ၁ ထရီလီယံဒေါ်လာ နီးပါး အကြွေးတွေ ပြန်ဆပ်နိုင်အောင် အစိုးရ အသုံးစရိတ်တွေကို လျှော့ချသွားမှာ ဖြစ်ပါတယ်။ ဒီမူကြမ်းကို ကြိုက်နှစ်သက်တဲ့သူ သိပ်မများလှပါဘူး။

ရီပတ်ဘလီကန်ပါတီက အစွန်းရောက်သူ တချို့ကတော့ ဒီသဘောတူညီမှု ရရှိထားတဲ့ ဥပဒေမူကြမ်းဟာ အစိုးရ အသုံးစရိတ်ကို များများစားစား ဖြတ်ပေးမထားဘူး ဆိုပြီးတော့ စောဒက တက်နေကြသလို သဘောထား ပျော့ပြောင်းတဲ့ ဒီမိုကရက်တစ် လွှတ်တော်အမတ် တချို့ကလည်း အသုံးစရိတ် လျှော့ချပေးလိုက်တာ များလွန်းနေပြီး လူချမ်းသာတွေကို အခွန်တိုးကောက်မယ့်အချက် မပါတဲ့ အပေါ်မှာ သဘောမတွေ့နိုင်ဘဲ ဖြစ်နေကြပါတယ်။

အမေရိကန် ပြည်ထောင်စု အကြွေးပြန်မဆပ်နိုင်တဲ့အခြေ ရောက်ပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကိုပါ ဂယက်ရိုက်မယ့် အရေးနဲ့ ယှဉ်လိုက်ရင်တော့ ဒီမူကြမ်းကို သဘောတူလိုက်တာက ပိုကောင်းတယ်လို့ လွှတ်တော်အမတ် အများစုက ပြောကြပါတယ်။

ဒီမူကြမ်းကို လက်ခံမယ်၊ မခံဘူး ဆိုတာကိုတော့ ဆီးနိတ် အထက်လွှတ်တော်က ဒီနေ့ အင်္ဂါနေ့ နှောင်းပိုင်းမှာ မဲခွဲ ဆုံးဖြတ်ကြရဦးမှာ ဖြစ်ပါတယ်။

XS
SM
MD
LG