သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြွေးတိုးမြှင့်ဥပဒေ သမ္မတ အိုဘားမား အတည်ပြု

အကြွေးတိုးမြှင့်ဥပဒေ သမ္မတ အိုဘားမား အတည်ပြု
အကြွေးတိုးမြှင့်ဥပဒေ သမ္မတ အိုဘားမား အတည်ပြု

အမေရိကန်အစိုးရ အနေနဲ့ အသုံးစရိတ် လျှော့ချပြီး ငွေချေးနိုင်မယ့် ပမာဏလည်း တိုးမြှင့် သတ်မှတ်ပေးထားတဲ့ ဥပဒေ မူကြမ်းကို သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က လက်မှတ်ထိုး အတည်ပြုပေးလိုက်ပါပြီ။ ဒီဥပဒေသစ်ကြောင့် အစိုးရအနေနဲ့ သမိုင်းမှာ ပထမဆုံးအကြိမ် အကြွေးတွေ ပြန်မဆပ်နိုင်မယ့် အရေးက ရှောင်ရှားသွားနိုင်တော့မှာ ဖြစ်ပါတယ်။

ဆီးနိတ် အထက်လွှတ်တော်က ထောက်ခံမဲ ၇၄ မဲ၊ ကန့်ကွက်မဲ ၂၆ မဲနဲ့ အတည်ပြုပေးလိုက်တဲ့ ဗဟိုအစိုးရ ငွေချေးနိုင်တဲ့နှုန်း တိုးမြှင့် သတ်မှတ်ပေးထားတဲ့ အဲဒီ ဥပဒေမူကြမ်းကို သမ္မတ အိုဘားမားက အင်္ဂါနေ့ ဆီးနိတ်က မဲခွဲ အတည်ပြုပြီး နာရီပိုင်း အတွင်းမှာပဲ လက်မှတ်ထိုး အတည်ပြုပေးလိုက်တာပါ။ အစိုးရ ပုံမှန်လည်ပတ်နေနိုင်ဖို့ ငွေကုန်ခါနီး ၁၀ နာရီလောက် အလိုမှာ အခုလို သမ္မတက လက်မှတ်ထိုးလိုက်တာလို့ ဆိုပါတယ်။

အခုရင်ဆိုင်ခဲ့ရတဲ့ ငွေကြေးပြဿနာဟာ စီးပွားရေး ပြန်လည်နာလန်ထူလာဖို့ အဟန့်အတားတခု ဖြစ်တယ်လို့ ဆီးနိတ်က မဲခွဲ အတည်ပြုပြီး သိပ်မကြာခင်လေးမှာပဲ သမ္မတ အိုဘားမားက လွှတ်တော်အမတ်တွေကို ဝေဖန် ပြောကြားလိုက်ပါတယ်။ ဥပဒေပြု လွှတ်တော်အမတ်တွေ အလုပ်အတူ တွဲလုပ်နိုင်ဖို့ အခုလို ကပ်ဘေးကြုံရလုနီးပါး အဖြစ်မျိုး ဖြစ်စရာ မလိုဘူးလို့လည်း သမ္မတက ပြောပါတယ်။

လွှတ်တော်ခေါင်းဆောင်တွေနဲ့ အိမ်ဖြူတော်အကြား ရရှိခဲ့တဲ့ သဘောတူညီမှုဟာ တိုင်းပြည် ပုံမှန် ဆက်လက် လည်ပတ်နိုင်ရေးအတွက် ပထမခြေလှမ်း ဖြစ်ပေမဲ့ ကုမ္ပဏီကြီးတွေ၊ လူချမ်းသာတွေအပေါ် ပေးထားတဲ့ အခွန်ကင်းလွတ်ခွင့် အထူးအခွင့်အရေးကို မရုပ်သိမ်းဘဲနဲ့တော့ အကြွေးလျှော့ချရေး အစီအစဉ်ဟာ အကောင်အထည် ဖော်နိုင်မှာ မဟုတ်ဘူးလို့လည်း သမ္မတ အိုဘားမားက ပြောပါတယ်။ အလုပ်လက်မဲ့ ဖြစ်နေသေးတဲ့ အမေရိကန်တွေ အလုပ်အကိုင်ရဖို့ အာရုံစိုက် လုပ်ဆောင်ကြရမယ်လို့လည်း သမ္မတက တိုက်တွန်း ပြောသွားပါတယ်။

This item is part of
XS
SM
MD
LG