သုံးရလွယ်ကူစေသည့် Link များ

ရခိုင်ပြည်နယ်က ရဲတပ်ဖွဲ့နဲ့ ရိုဟင်ဂျာ ထိပ်တိုက်ရင်ဆိုင်မှု သတင်း ကန်နဲ့ ကုလစိုးရိမ်


ရခိုင်ပြည်နယ် က ရိုဟင်ဂျာ ဒုက္ခသည်များ။
ရခိုင်ပြည်နယ် က ရိုဟင်ဂျာ ဒုက္ခသည်များ။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ဒီသီတင်းပတ်တွင်း ကင်းလှည့် ရဲတပ်ဖွဲ့တွေနဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်းအကြား ထိပ်တိုက် ရင်ဆိုင်မှုတွေဖြစ်ခဲ့ပြီး ရိုဟင်ဂျာတွေ အသေအပျောက်ရှိတယ်၊ တချို့ထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေက သက်ဆိုင်ရာတာဝန်ရှိသူတွေ၊ နယ်ခံတွေနဲ့ မေးမြန်းပြီး မဟုတ်မှန်တဲ့ အကြောင်း သောကြာနေ့ ကပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့လည်း လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံး ခဲ့တာဖြစ်ကောင်းဖြစ်နိုင်တဲ့ အတွက် အမေရိကန်ပြည်ထောင်စုက စိုးရိမ်မကင်းဖြစ်ရတယ်လို့ ဆိုပါတယ်။ ဒေါ်ခင်စိုးဝင်းက အပြည့်အစုံ တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ် မောင်းတောမြို့နယ်မှာ ဒီသီတင်းပတ်တွင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုကြောင့် ရိုဟင်ဂျာမူဆလင်တွေ ထွက်ပြေး တိမ်းရှောင်ကြရတယ်ဆိုတဲ့သတင်း ကြားသိရတဲ့အတွက် အမေရိကန်ပြည်ထောင်စုက စိုးရိမ်မကင်းဖြစ်ရတဲ့အကြောင်း မနေ့ကကျင်းပတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန နေ့စဉ်ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရသူ Jen Psaki က အခုလို ပြောဆိုသွားပါတယ်။

"ဒီသတင်းနဲ့ပါတ်သက်ပြီး အထူးသဖြင့် စိတ်အနှောင့်အယှက်ဖြစ်ရတာကတော့ လုံခြုံရေးတပ်ဖွဲ့တွေက အင်အား အလွန်အကျွံ အသုံးပြုတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်တဲ့။ ဘာပဲဖြစ်ဖြစ် အကြမ်းဖက်ခဲ့ တယ်ဆိုရင်တော့ အမေရိကန်ပြည်ထောင်စုက ပြင်းပြင်းထန်ထန် ရှုံ့ချနေပါတယ်တဲ့။ ဒီလို အကြမ်းဖက်ခဲ့ရင် အဲဒီမှာ နေထိုင်တဲ့ ဘယ်သူ့ကိုမဆို ဆိုးကျိုးသက်ရောက်မှာဖြစ်တယ်လို့ ဆိုပါတယ်။"

ဒါကြောင့် လုံခြုံရေးတာဝန်ယူထားသူတွေ အနေနဲ့ အထူးထိန်းထိန်းသိမ်းသိမ်း လုပ်စေလိုပါတယ်လို့ဆိုပါတယ်။ ဒီလိုမျိုးတွေ မဖြစ်ရအောင် အစိုးရ အနေနဲ့လည်း ရေရှည်ခံမည့် အဖြေကို ရှာစေလိုတယ်လို့ပြောဆိုသွားတာပါ။ အကြမ်းဖက်ခဲ့တာကြောင့် အခြေအနေမဲ့ ဖြစ်ရသူတွေလည်း သူတို့ရဲ့ နေအိမ်တွေကို အေးအေးဆေးဆေး ပြန်ပြီး နေစေလိုတယ်လို့ ပြောဆိုသွားပါတယ်။


တချိန်တည်းမှာပဲ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနား ကလည်း ဒီမောင်တောမြို့နယ်မှာ သတင်းတွေမှာ ဖော်ပြထားတဲ့အတိုင်း အခင်းဖြစ်ပွားပြီး သေဆုံး ဒဏ်ရာရတာတွေ ရှိခဲ့မယ်ဆိုရင် မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာ ဥပဒေတွေနဲ့အညီ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိမရှိ ထိထိရောက်ရောက် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပေးပါရန် ဇန်နဝါရီလ ၁၇ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒီလိုအခင်းဖြစ်ပွားခဲ့ရင် အဖမ်းအဆီးတွေ ရှိတတ်တာကြောင့် မြန်မာ အာဏာပိုင်တွေအနေနဲ့ အဖမ်းခံရသူတွေရဲ့ အခွင့်အရေးကို လေးစားဖို့နဲ့ ဥပဒေအကျိုးဆောင်တွေနဲ့ဆက်သွယ်ခွင့်ပြုဖို့ ကိုလည်း မစ္စတာကင်တာနားက အလေးအနက် တိုက်တွန်းထားပါတယ်။

သူအရင်တုန်းက ကြုံခဲ့ဖူးတဲ့ စိုးရိမ်မကင်းဖြစ်ရ တာတွေကြောင့် မောင်တောမြို့နယ်မှာ အဖမ်းခံရသူတွေ ရှိခဲ့ပါက သီးခြား လွတ်လပ်တဲ့ စောင့်ကြည့်တဲ့အဖွဲ့တွေကို အဲ့ဒီ့အထိန်းသိမ်းခံတွေဆီ သွားရောက် ခွင့်ပြုပါရန်လည်း အာဏာပိုင်တွေကို တိုက်တွန်းထားပါတယ်။

တဆက်တည်းမှာပဲ ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးနဲ့ ဗြိတိန်သံရုံးတို့ ကလည်း မောင်တောမြို့နယ်က အကြမ်းဖက်မှုဖြစ်တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး အထူးစိုးရိမ် မကင်းဖြစ်ရပါကြောင်း၊ ပြည်ထောင်စု အစိုးရအနေနဲ့ရော ပြည်နယ်ဒေသခံ အာဏာပိုင်တွေအနေနဲ့ပါ ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေး ရေရှည်တည်တံ့ဖို့အတွက် အခြေအနေ ဖန်တီးပေးပါရန် တိုက်တွန်းလိုက်ပါတယ်။

ဒီလိုအခြေအနေမျိုး ဖန်တီးပေးနိုင်ဖို့အတွက် ပြည်နယ်အတွင်း တင်းမာမှုတွေလျော့ပါးပြီး ပြန်လည်သင့်မြတ်ရေးအတွက် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ တရားမျတရေး၊ လူမှုရေးအကူအညီတွေ၊ လက်လှမ်းမီအောင် ပေးပို့နိုင်ငခွင့် စတာတွေ ချက်ခြင်း အရေးတယူဆောင်ရွက်ပေးဖို့ လိုအပ်တဲ့အကြောင်း ရန်ကုန်ရှိ ဗြိတိန်နဲ့ အမေရိကန်သံရုံးတို့က ဇန်နဝါရီလ ၁၇ရက်နေ့က ပူးတွဲကြေညာချက် ထုတ်ပြန်ထားပါတယ်။

နိုင်ငံတဝှမ်းလုံးရှိ ဘာသာရေးခေါင်းဆောင်တွေ၊ လူထုအခြေပြုခေါင်းဆောင်တွေနဲ့ ပြည်သူလူထု တရပ်လုံးက ဗုဒ္ဓဘာသာနဲ့ မူဆလင် အသိုင်းအဝိုင်း ကြား အကြမ်းဖက်မှုတွေကို ဆန့်ကျင်ပြီး မတူကွဲပြားတဲ့ လူမျိုးစုတွေကြား နားလည်မှု၊ အပြန်အလှန်လေးစားမှု၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ကို ရှေးရှုကြပါရန် လည်းအဲ့ဒီ့ ကြေညာချက်မှာဖော်ပြထားပါတယ်။

မြန်မာအစိုးရရဲ့ ပြောခွင့်ရသူ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်ကတော့ ပြည်ထဲရေးဌာနနဲ့ ဒေသခံရဲတပ်ဖွဲ့ အကြီးအကဲတို့နဲ့ ဆက်သွယ်ပြီး ဒီသတင်းနဲ့ ပတ်သက်ပြီးမေးမြန်းရာမှာ မဟုတ်မှန်တဲ့အကြောင်း သောကြာနေ့က သတင်းစာရှင်းလင်းပွဲမှာ တုန့်ပြန်ထားပါတယ်။
XS
SM
MD
LG