ဂွမ်တာနာမို ပင်လယ်ကွေ့ အကျဉ်းစခန်းမှာ ထိန်းသိမ်းထားသူတွေကို လွှဲပြောင်းပေးမယ့် အစီအစဉ်အပေါ် အပြည့်အ၀ ထောက်ခံ တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Ashton Carter က ပြောလိုက်ပါတယ်။
ဂွမ်တာနာမိုက အကျဉ်းသားတွေကို လွှဲပြောင်းဖို့ သမ္မတအိမ်ဖြူတော်က ဘယ်လို ဖိအားပေးတာမျိုးမှ မရှိတဲ့အကြောင်းနဲ့ သမ္မတ က မြင်တဲ့အတိုင်းပဲ သူလည်း ရှုမြင်တဲ့အကြောင်း ကြာသပတေးနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဝန်ကြီးကာတာက အလေးအနက် ပြောသွားပါတယ်။ အမေရိကန်ဥပဒေအရ ဂွမ်တာနာမိုကနေ အကျဉ်းသားတွေ လွှဲပြောင်းရေးအတည်ပြုဖို့ကိစ္စမှာ ကာကွယ်ရေးဝန်ကြီးဟာ နောက်ဆုံး လုပ်ပိုင်ခွင့်အာဏာရှိသူပါ။
ကျူးဘားနိုင်ငံ၊ ဂွမ်တာနာမိုကျွန်းက အမေရိကန် ရေတပ်အခြေစိုက်စခန်းမှာ လက်ရှိ ထိန်းသိမ်းထားသူတွေကို ရွှေ့ပြောင်းဖို့ အမေရိကန်ပြည်ထောင်စု ထဲက နေရာတွေကို ပန်တဂွန် စစ်ဌာနချုပ်က ရှာဖွေနေတယ်ဆိုတဲ့ ဗွီအိုအေ သတင်းဌာနရဲ့ မကြာသေး ခင်က သတင်းတပုဒ် မှန်ကန်တဲ့အကြောင်း မစ္စတာကာတာက အတည်ပြုသွားပါတယ်။
လက်ရှိစဉ်းစားနေတဲ့ အဓိကနေရာနှစ်ခုကတော့ ကန်းဆတ်စ်ပြည်နယ်၊ Fort Leavenworth က စစ်တပ် အကျဉ်းစခန်းနဲ့ တောင်ကာရိုလိုင်းနားပြည်နယ်၊ Charleston မြို့က ရေတပ်စခန်းနေရာတို့ဖြစ်တယ်လို့ သူကပြောပါတယ်။ တခြားနေရာတွေကို လည်း ကြည့်နေတယ်လို့ သူကထပ်ပြောပါတယ်။
အကျဉ်းသား ၅၀ လောက်ကတော့ တခြားနိုင်ငံတွေကို လွှဲပြောင်းပေးဖို့ အကျူံးဝင်တယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောပေမယ့် ဒုတိယအုပ်စုကတော့ စစ်ပွဲဥပဒေသအရ ထိန်းသိမ်းမှုအောက်မှာ ဆက်ရှိနေမယ်လို့ ပြောပါတယ်။