သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ကာကွယ်ရေး ဝန်ကြီးသစ် Ashton Carter တာဝန်စတင်


အမေရိကန် ကာကွယ်ရေး ဝန်ကြီးသစ်အဖြစ် Ashton Carter ကို အင်္ဂါနေ့က ကျမ်းသစ္စာကျိန်ဆို ခန့်အပ်လိုက်ပါတယ်။ အသက် ၆၀ အရွယ် မစ္စတာ Carter ဟာ အိမ်ဖြူတော်မှာ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားရဲ့ ၆ နှစ်တာ သမ္မတသက်တမ်း ထမ်းဆောင်ခဲ့တဲ့ကာလအတွင်း စတုတ္ထမြောက် ခန့်အပ်ခြင်းခံရတဲ့ ကာကွယ်ရေးဝန်ကြီးလည်း ဖြစ်ပါတယ်။

မစ္စတာ Carter ဟာ ကာကွယ်ရေးဝန်ကြီးဟောင်း Chuck Hagel ရဲ့နေရာကို အစားထိုးမှာဖြစ်ပါတယ်။ ဝါရှင်တန်မြို့တော်မှာ နှင်းထူထပ်စွာ ကျခဲ့တဲ့အတွက် ဗဟိုအစိုးရရုံး အများစု ပိတ်ထားချိန်နဲ့ တိုက်ဆိုင်ပြီး မစ္စတာ Carter ကို ဒုသမ္မတ Joe Biden တာဝန်ယူကျင်းပတဲ့ အိမ်ဖြူတော် အခမ်းအနားမှာ ကျမ်းသစ္စာကျိန်ဆို ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

အခုအချိန်ဟာ နိုင်ငံအနေနဲ့ အခွင့်အလန်းတွေကို အမိအရ ဆုပ်ကိုင်နိုင်ဖို့ လိုအပ်တဲ့အချိန်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ မစ္စတာ Carter ရဲ့ အမှာစကားမှာ ပါရှိတယ်လို့ ကာကွယ်ရေးဝန်ကြီး အဆင့်မြင့်ဌာန အရာရှိတဦးက ပြောပါတယ်။

ကမ္ဘာတဝှမ်း ဘေးအန္တရာယ်တွေနဲ့ မငြိမ်သက်မှုတွေ ဖြစ်ပွားနေပေမဲ့ သူ့အနေနဲ့ နိုင်ငံကို ကာကွယ်ဖို့အပြင် ကာကွယ်ရေးဌာနက အမျိုးသားတွေနဲ့ အမျိုးသမီးတွေကို ထောက်ခံဖို့အတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ချဖို့ အဆင်သင့်ရှိတယ်လို့လည်း ကာကွယ်ရေးဝန်ကြီးသစ်ရဲ့ အမှာစကားမှာ ပါရှိတယ်လို့လည်း အဲ့ဒီအဆင့်မြင့် အရာရှိက ပြောပါတယ်။

မစ္စတာ Carter ဟာ ပထမနေ့မှာပဲ ဒုတိယကာကွယ်ရေးဝန်ကြီး Bob Work အပြင် ကြည်း၊ ရေ၊ လေ ပူးတွဲ စစ်ဦးစီးချုပ်တွေနဲ့ တွေ့ဆုံခဲ့ပြီး မစ္စတာ အိုဘားမားနဲ့တော့ အင်္ဂါနေ့နှောင်းပိုင်းမှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

XS
SM
MD
LG