သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေပြို လူသေတဲ့ ကျောက်စိမ်းတွင်း မူးယစ်ရာဇာ ဝေရှောက်ခန် ပိုင်


ဖားကန့်ကျောက်စိမ်း လုပ်ငန်းခွင်။
ဖားကန့်ကျောက်စိမ်း လုပ်ငန်းခွင်။

မကြာသေးခင်က ဖားကန့်ကျောက်စိမ်းဒေသမှာ မြေပြိုကျမှုကြောင့် လူပေါင်း တရာကျော် သေဆုံးခဲ့တဲ့ ရတနာရောင်ခြည် ကုမ္ပဏီပိုင် ကျောက်စိမ်းတွင်းကို မူးယစ်ရာဇာ ဝေရှောက်ခန်း ထိန်းချုပ်ထားတာဖြစ်တယ်လို့ Global Witness က ကြာသပတေးနေ့ က ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံ ရဲ့ ၂၀၁၄ခုနှစ် GDP တဝက်ကျော် အမေရိကန်ဒေါ်လာ (၃၁)ဘီလီယံ ဝင်ငွေပမာဏ ရှိနေတဲ့ ကျောက်စိမ်း လုပ်ငန်းကို ချုပ်ကိုင်ထားသူတွေထဲမှာ အမေရိကန်ပြည်ထောင်စု က ဒဏ်ခတ် အရေးယူထားတဲ့ အရှေ့တောင်အာရှမှာ အကြီးဆုံး မူးယစ်ရာဇာ တဦးဖြစ်တဲ့ UWSA ခေါင်းဆောင်တဦးဖြစ်သူ ဝေရှောက်ခန် အဓိကပါဝင်နေတယ်လို့ လန်ဒန်အခြေစိုက် Global Witness ကပြောပါတယ်။
ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ဆက်မှာပါ။

ကျောက်စိမ်းတူးဖော်ရေး
ကျောက်စိမ်းတူးဖော်ရေး

ကချင်ပြည်နယ်က ကျောက်စိမ်းလုပ်ငန်းတွေအကြောင်း ထုတ်ဖေါ်ရေးသားနေတဲ့ Global Witness အဖွဲ့ကြီးရဲ့ ဒီဇင်ဘာလ (၃)ရက်နေ့က ထုတ်ပြန် လိုက်တဲ့ နောက်ဆက်တွဲ အစီရင်ခံစာ အသစ်မှာ အရင်စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူ ထားတဲ့ UWSA ဝပြည်သွေးစည်းညီညွတ်ရေး အဖွဲ့ရဲ့ ခေါင်းဆောင် တဦးဖြစ်သူ ဝေရှောက်ခန်ဟာ မြန်မာကျောက်စိမ်းလုပ်ငန်းကို အဓိက ထိန်းချုပ်ထားသူတဦးဖြစ်တယ်လို့ ဖေါ်ထုတ်ရေးသားထားပါတယ်။

မူးယစ်ရာဇာတဦးလည်းဖြစ်တဲ့ ဝေရှောင်ခန်ဟာ ကျောက်စိမ်းလုပ်ငန်းမှာ သူနဲ့ သူရဲ့ UWSA ပါဝင်ပတ်သက်နေတာတွေကို ဖုံးကွယ်ထားတဲ့ အနေနဲ့ ကျောက်စိမ်း ကုမ္ပဏီတွေကို အခြားအမည် အမျိုးမျိုးနဲ့ တည်ထောင်ပြီး နောက်ကွယ်ကနေ ထိန်းချုပ် ထားတာဖြစ်တယ်လို့အစီရင်ခံစာရေးသားသူဖြစ်တဲ့ Juman Kubba က ဗွီအိုအေကိုပြောပါတယ်။

"ကျမတို့တွေ့ရှိခဲ့တဲ့ အထောက်အထားတွေကတော့ ကျောက်စိမ်းလုပ်ငန်းမှာ အရေးပါဆုံး ပုဂ္ဂိုလ်တဦးကတော့ ဝေရှောင်ခန်းဖြစ်ပါတယ်။ သူဟာ အရှေ့တောင် အာရှ ဒေသမှာ မက်သာဖက်တမင်း စိတ်ကြွ ဆေးပြား ထုတ်လုပ်မှုကို ချုပ်ကိုင်ထားတဲ့ အကြီးဆုံး မူးယစ်ဆေးရာဇာ လည်း ဖြစ်ပါတယ်။ ကျောက်စိမ်း ကုမ္ပဏီတွေနဲ့ ကျောက်စိမ်းတွင်း တွေ ပိုင်ဆိုင်မှု နောက်ကွယ်မှာ သူနဲ့ သူဦးဆောင်တဲ့ UWSA ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ဟာ အဓိက ရှိနေတာပါ။ "

Global Witness အနေနဲ့ မြန်မာ့ကျောက်စိမ်းလုပ်ငန်းမှာ အဓိပတ်သက်နေတဲ့ ကုမ္ပဏီရဲ့အမည်ဟာ မြန်မာ တကောင်းကျောက်မျက်ရတနာကုမ္ပဏီဖြစ်တယ်လို့ စုံးစမ်းနိုင်ခဲ့ပြီး ကို အဲဒီကုမ္ပဏီကနေ ဖားကန့်ဒေသက ကျောက်စိမ်းတွင်းပေါင်း (၅၀)ကို ထိန်းချုပ်ထားတယ်လို့ Juman Kubba ကပြောပါတယ်။ ဒီကုမ္ပဏီကို ပိုင်ဆိုင်တဲ့သူရဲ့နောက်ကွယ်မှာ ဝေရှောက်ခန် ရှိနိုင်တယ်ဆိုတာကို စုံစမ်းသိရှိခဲ့ရတယ်လို့လည်း သူက ဆိုပါတယ်။

မြေစာပုံ
မြေစာပုံ

ဒါအပြင် နိုဝင်ဘာလ (၂၁)ရက်နေ့ကမြေပြိုကျမှုကြောင့် လူပေါင်း တရာကျော်သေဆုံး ခဲ့တဲ့ ဖားကန့်ဒေသက ရတနာရောင်ခြည် ကုမ္ပဏီပိုင်ကျောက် စိမ်း တွင်း ဟာလည်း ဝေရှောက်ခန် ရဲ့ထိန်းချုပ်မှုအောက် မှာရှိနေတယ်လို့ Juman Kubba ကပြောပါတယ်။

"ရတနာရောင်ခြည် ကုမ္ပဏီဟာ တချို့ အဲ့ဒီ့လုပ်ငန်းရဲ့အတွင်းသိတွေ ကျမတို့ကို ပြောပြချက် အရ ဝေရှောက်ခန်း ထိန်းချုပ်မှုတဲ့ အုပ်စုမှာ ပါဝင်နေတာဖြစ်ပါတယ်။ သိပ်စိတ်ဝင်စားစရာကောင်းတဲ့ အချက်တချက်ကတော့ ဖားကန့်မှာ လွန်ခဲ့တဲ့ သတင်းပတ်က လူတရာကျော်သေဆုံး ခဲ့ရတဲ့ မြေပြိုကျမှု မှာ မြေစာတွေကို သွန်တဲ့ကုမ္ပဏီတွေထဲ တခုပါဝင်တယ်ဆိုတဲ့ အချက်ပါပဲ။ အဲ့ဒီ့ကုမ္ပဏီကို နောက်ကွယ်မှာ ဘယ်သူပိုင်ဆိုင်သလဲဆိုတာကို ဘယ်သူမှ မသိရသေးပါဘူး။ ဒါကြောင့် ဒီကုမ္ပဏီတွေဟာ ဘာကြောင့် လျို့လျှို့ဝှက်ဝှက် အလုပ်လုပ်နိုင်သလဲ။ လူတွေကို အန္တရာယ်ပြုစေနိုင်တဲ့ ဒီလိုမျိုး လုပ်ရပ်တွေ လုပ်နေပေမဲ့ တာဝန်ခံမှု၊ အရေးယူခံရမှု မရှိပဲ ဘာကြောင့် လုပ်နိုင်ကြလဲဆိုတာက တော့ မေးခွန်းထုတ်စရာပါပဲ။ "

ဝေရှောက်ခန် ထိန်းချုပ်ထားတဲ့ ကုမ္ပဏီတွေရဲ့ မူရင်းလုပ်ပိုင်ခွင့် လိုင် စင်တွေကို UWSA အဖွဲ့နဲ့ ငြိမ်းချမ်းရေးယူခဲ့တဲ့ အရင် နအဖ စစ်ဗိုလ်ချုပ်ဟောင်းတွေက ချပေးခဲ့တာဖြစ်တယ်လို့ အစီရင်ခံစာမှာရေးသားထားပါတယ်။ ဒါကြောင့် မကြာခင် တက်လာမယ့် အစိုးရသစ်အနေနဲ့ ဖြေရှင်း ဆောင်ရွက်သင်တဲ့ အပိုင်းနဲ့ပတ်သက်လို့ Juman Kubba ကအခုလိုပြောပါတယ်။

" ကျောက်စိမ်းရောင်းဝယ်တဲ့လုပ်ငန်းမှာ ဘယ်သူတွေ ပါဝင် လုပ်ဆောင်နေတယ် ဆိုတာ ကျမတို့ သုတေသန ပြုစုတဲ့ ဒီအစီရင်ခံစာမှာရော အရင်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာရော အဓိက တွေ့ရှိခဲ့တာကတော့ ဒီကုမ္ပဏီတွေကို ဘယ်သူက ပိုင်သလဲ။ ဘယ်သူက ထိန်းချုပ်သလဲဆိုတာကို ဖော်ထုတ်နိုင်ဖို့က ဘယ့်လောက် အရေးကြီးသလဲ ဆိုတဲ့အချက်ပါပဲ။ ကျမတို့ရဲ့ ဆန္ဒအရ ကတော့ နောက် တက်မယ့် မြန်မာအစိုးရရော၊ ဒီလုပ်ငန်းမှာ ကူညီနေတဲ့ နိုင်ငံတကာ အဖွဲ့တွေ အနေနဲ့ရော ဒီကုမ္ပဏီတွေကို ဘယ်သူက ကြိုးကိုင်နေသလဲဆိုတဲ့ အချက်အလက်တွေ ကို တိတိကျကျ သိဖို့ ကြိုးစားကြပြီး ဒီတန်ဖိုးရှိ လှတဲ့ ကျောက်စိမ်း လုပ်ငန်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရယူနိုင်ဖို့ပါပဲ။ နောက်လာမယ့် လအနည်းငယ်အတွင်းမှာ EITI သဘာဝသယံဇာတ တူးဖော်မှု ထင်သာမြင်သာ ရှိရေးအဖွဲ့ကြီးက အစီရင်ခံစာတွေ ထုတ်ပြန်တော့ မှာဖြစ်ပါတယ်။ အဲ့ဒီ့ကျရင် အရေးကြီးတဲ့ အချက်တချက်ကတော့ နိုင်ငံရဲ့ သဘာဝ သယံဇာတ ပစ္စည်းတွေကို ဘယ်သူတွေက ထိန်းချုပ်ထားကြသလဲဆိုတာကို သိနိုင်အောင် ဖော်ထုတ်ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ "

ကြာသပတေးနေ့က ထုတ်ပြန်တဲ့ Global Witness ရဲ့အစီရင်ခံစာ အသစ်မှာ ဝေရှောက်ခန် နဲ့ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်တွေ ပတ်သက်နေတဲ့ အထောက်အထားတွေကိုလည်းဖေါ်ပြထားပါတယ်။ အဓိက တရုတ်နဲ့ဟောင်ကောင်မှာ ရှိနေတာပါ။ ဒါအပြင် အမေရိကန်စက်ယန္တရား အကြီးစားကုမ္ပဏီကြီးဖြစ်တဲ့ Caterpillar Inc., နဲ့ ဝေရှောက်ခန် ထိန်းချုပ်ထားတဲ့ မြန်မာတကောင်းကျောက်မျက်ရတနာကုမ္ပဏီရဲ့ ဦးဆောင်ညွန်ကြားရေးမှုး ဇော်ဘိုခန်ဟာ စီးပွားရေးအရ ဆက်ဆံမှုတွေရှိနေတယ်ဆိုတဲ့ အထောက်အထားတွေကို အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။

ဒီအချက်အလက်နဲ့ ပတ်သက်လို့ ဇော်ဘိုခန်နဲ့ အဆက်အသွယ်ရှိခဲ့ပေမယ့် Global Witness ကစွပ်စွဲထားသလို ဝေရှောက်ခန် ထိန်းချုပ်ထားတဲ့ ကျောက်စိမ်း ကုမ္ပဏီတွေနဲ့ သူတို့စီးပွားရေးအရဆက်ဆံမှုတွေရှိနေတယ်ဆိုတဲ့ အချက်ကိုတော့ သူတို့အနေနဲ့ ငြင်းပယ်ကြောင်း Caterpillar Inc က ဗွီအိုအေကို အီးမေးလ် ကတဆင့် တုန့်ပြန်ခဲ့ပါတယ်။

အမေရိကန်က သတင်းပေးနိုင်သူကို ဆုငွေ ကြေညာချက်ထုတ်
အမေရိကန်က သတင်းပေးနိုင်သူကို ဆုငွေ ကြေညာချက်ထုတ်

UWSA ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ ခေါင်းဆောင်တဦးလည်းဖြစ် မူးယစ်ရာဇာ လည်းဖြစ်တဲ့ ဝေရှောက်ခန်ကို ဖမ်းမိရင် အမေရိကန် ဒေါ်လာ ၂ သန်းအထိ ဆုငွေပေးမယ်လို့ အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ DEA နဲ့ ထိုင်း မူးယစ် နှိမ်နင်းရေးအဖွဲ့တို့က ၂၀၁၀ပြည့်နှစ် သြဂုတ်လက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG