သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြန်ပေးဆွဲခံ နိုင်ဂျီးရီးယား ကျောင်းသူတွေလွတ်ဖို့ ကန် တပ်ဖွဲ့စေလွှတ်


နိုင်ဂျီးရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့လအတွင်း ပြန်ပေးဆွဲခံလိုက်ရတဲ့ ကျောင်းသူလေး ၂၅၀ ကျော်ကို ကူညီရှာဖွေပေးဖို့ အမေရိကန်တပ်ဖွဲ့ဝင် ၈၀ ကို အိမ်နီးချင်း Chad နိုင်ငံထဲကို သမ္မတ Barack Obama က စေလွှတ်လိုက်ပြီ ဖြစ်ပါတယ်။

အမေရိကန်တပ်ဖွဲ့တွေအနေနဲ့ နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းနဲ့ အဲဒီအနီးဝန်းကျင် ဒေသတွေမှာ ထောက်လှမ်းရေး လုပ်ငန်း၊ စောင့်ကြည့်တဲ့အစီအစဉ်၊ လေယာဉ်ကတဆင့် ကင်းထောက်တဲ့လုပ်ငန်း စတဲ့ အစီအစဉ်တွေမှာ ကူညီ လုပ်ဆောင်ပေးသွားမှာ ဖြစ်တဲ့အကြောင်း ကွန်ဂရက်လွှတ်တော်ကို ဗုဒ္ဓဟူးနေ့က ပေးပို့တဲ့စာထဲမှာ သမ္မတ အိုဘားမားက ဖော်ပြထားပါတယ်။

ကျောင်းသူကလေးတွေ ရှာဖွေရေးလုပ်ငန်းမှာ မလိုအပ်တော့တဲ့အချိန်အထိ အမေရိကန်တပ်ဖွဲ့တွေ Chad နိုင်ငံထဲမှာ ရှိနေမယ်လို့ ဆိုပါတယ်။ အခုပို့တဲ့ တပ်ဖွဲ့ဝင်တွေဟာ လေတပ်က အများစုဖြစ်ပြီး သူတို့အနေနဲ့ Chad နိုင်ငံ တောင်ပိုင်းကနေ မောင်းသူမဲ့ယာဉ်တွေကို ကြီးကြပ် စီစဉ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ဂျီးရီးယားနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ Cameroon၊ Niger နဲ့ Chad နိုင်ငံတွေအနီးက ဝေးလံခေါင်ဖျားတဲ့အရပ်မှာ ဖွင့်ထားတဲ့ ကျောင်းက အဲဒီ ကျောင်းသူလေးတွေကို Boko Haram အဖွဲ့က ဧပြီလ ၁၄ ရက်နေ့က ပြန်ပေးဆွဲသွားခဲ့တာ ဖြစ်ပါတယ်။ အခုချိန်ထိ သူတို့ ဘယ်မှာရှိနေတယ်ဆိုတာကို မသိနိုင်သေးပါဘူး။

အဲဒီဒေသကို ကင်းထောက်လေယာဉ်တွေ စေလွှတ်ခဲ့ပြီး ဂြိုဟ်တုက ရိုက်ယူထားတဲ့ ဓာတ်ပုံတွေကိုလည်း နိုင်ဂျီးရီးယားအစိုးရကို ပေးခဲ့တယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ပြောကြားခဲ့ပါတယ်။ နိုင်ငံခြားရေးဌာနနဲ့ ဗဟိုထောက်လှမ်းရေးအဖွဲ့က အရာရှိတွေလည်း ကျောင်းသူတွေ ပြန်တွေ့ရေး အတွက် ကူညီ ရှာဖွေပေးနေကြပါတယ်။
XS
SM
MD
LG