သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အကြွေး ပြဿနာအပေါ် တရုတ်က အပြင်းအထန်ဝေဖန်


အမေရိကန် အကြွေး ပြဿနာအပေါ် တရုတ်က အပြင်းအထန်ဝေဖန်
အမေရိကန် အကြွေး ပြဿနာအပေါ် တရုတ်က အပြင်းအထန်ဝေဖန်

အမေရိကန်ပြည်ထောင်စုအပေါ် အကြွေးပေးရာမှာ ယုံကြည်စိတ်ချရတဲ့အဆင့် လျှော့ချခံခဲ့ရတဲ့အတွက် ကမ္ဘာ့စီးပွားရေးမှာ ဘယ်လို အကျိုးဆက်တွေ ဖြစ်လာနိုင်မလဲဆိုတာကို ဆန်းစစ်နေကြတဲ့ တိုင်းပြည်တွေက သူတို့ရဲ့ သဘောထားတွေကိုလည်း ထုတ်ပြောလာကြပါတယ်။ တရုတ်နိုင်ငံကတော့ အမေရိကန်ဟာ အကြွေးယူတဲ့ ရောဂါစွဲကပ်နေတယ်လို့ ဝေဖန်လိုက်ပြီး စီးပွားရေး ပြဿနာတွေကို ငွေချေးပြီး ဖြေရှင်းသွားလို့ မရတော့ဘူးဆိုတာ အမေရိကန်အစိုးရ သဘောပေါက်ဖို့လိုတယ်လို့ စနေနေ့မှာပဲ ပြောဆိုလိုက်တာပါ။

ရေတိုအမြင်နဲ့ နိုင်ငံရေးအငြင်းပွားမှုတွေလို့ သုံးနှုန်းပြီး တရုတ်အစိုးရပိုင် ရှင်ဟွာသတင်းစာရဲ့ သဘောထား ထင်မြင်ချက် ဆောင်းပါးထဲမှာ ပြစ်တင်ပြောဆိုလိုက်သလို ကမ္ဘာကြီးမှာ အမေရိကန်ဒေါ်လာအစား ပိုပြီးတည်ငြိမ်စိတ်ချရတဲ့ ငွေကြေးတခုနဲ့ အရန်ဘဏ္ဍာထားဖို့ လိုအပ်နေပြီလို့လည်း ပြောဆိုလိုက်ပါတယ်။ အမေရိကန်နိုင်ငံကို တရုတ်ဗဟိုဘဏ်က ငွေအများဆုံး ချေးငှားထားတာ ဖြစ်ပါတယ်။ တခြားနိုင်ငံတွေကတော့ အမေရိကန်အပေါ် ပိုပြီးသတိထား တုံ့ပြန်ခဲ့ကြတာပါ။

အမေရိကန်ကို ဒုတိယအများဆုံး ငွေချေးထားတဲ့ ဂျပန်နိုင်ငံကတော့ ယုံကြည်စိတ်ချရတဲ့အဆင့် ကျဆင်းသွားပေမဲ့ ရင်းနှီးမြှပ်နှံမှုတွေမှာ အပြောင်းအလဲရှိမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ အမေရိကန် အဆင့်လျှော့ သတ်မှတ်ခံရတဲ့ကိစ္စကို တောင်ကိုရီးယား ဗဟိုဘဏ်တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြပေမဲ့ သြစတြေးလျနိုင်ငံလိုပဲ ဒီကိစ္စအပေါ် အလွန်အကျွံ မတုံ့ပြန်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

စီးပွားရေးအင်အား ကောင်းလာနေတဲ့ အိန္ဒိယနိုင်ငံကတော့ အမေရိကန်ရဲ့အခြေအနေဟာ အင်မတန် စိုးရိမ်စရာကောင်းတယ်လို့ ပြောပါတယ်။ ရုရှားနိုင်ငံကတော့ ထိပ်တန်းအဆင့် A သုံးလုံးကနေ A နှစ်လုံးအဆင့်ကို လျှော့ချခံလိုက်ရတာ ဘာမှမကွာတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။

ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးကတော့ အမေရိကန်အစိုးရအနေနဲ့ စီးပွားရေး ပြန်လည်တည့်မတ်အောင် လုပ်နိုင်စွမ်းရှိတယ်လို့ ယုံကြည်ကြောင်း ပြောဆိုပြီး အားပေးခဲ့ပါတယ်။ အမေရိကန် အဆင့်လျှော့ သတ်မှတ်ခံရတဲ့ကိစ္စနဲ့ ဥရောပက အကြွေးပြဿနာတွေကို စက်မှုအင်အားကြီး ၇ နိုင်ငံက ဘဏ္ဍာရေးဝန်ကြီးတွေ ရှေ့လာမယ့်ရက်တွေမှာ တယ်လီဖုန်းကတဆင့် ဆွေးနွေးသွားမယ်လို့လည်း စနေနေ့ကပဲ တာဝန်ရှိသူတွေက ပြောပါတယ်။

XS
SM
MD
LG