သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာရေး ချုပ်ချယ်တယ်လို့ သတ်မှတ်ပေမဲ့ မြန်မာနဲ့ဆက်ဆံရေး ကန် ထပ်ပြောင်းဖွယ်မရှိ


ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ နှစ်စဉ် ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားဝန်ကြီး Rex Tillerson မိန့်ခွန်းပြောစဉ်။
ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ နှစ်စဉ် ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားဝန်ကြီး Rex Tillerson မိန့်ခွန်းပြောစဉ်။

မြန်မာအပါအဝင် ၁၀ နိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်ကို ဆက်ပြီး ဖိနှိပ်နေတဲ့အတွက် အမေရိကန်အစိုးရရဲ့ CPC (Country of Particular Concern) အထူးစိုးရိမ်ဖွယ်ရာ နိုင်ငံစာရင်းထဲမှာ ပြန်ပြီး ထည့်သွင်း သတ်မှတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က မနေ့ ကြာသာပတေးနေ့က ကြေညာလိုက်ပါတယ်။

အခုလို မြန်မာနိုင်ငံကို CPC စာရင်းမှာ ပြန်ပြီး ထည့်သွင်းခဲ့ပေမယ့် နှစ်နိုင်ငံဆက်ဆံရေး အထူးအထွေပြောင်းလ စရာ မရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ဗွီအိုအေကို ပြောပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးတင်ပြမှာပါ။

မြန်မာအပါအဝင် တရုတ်၊ အီရီထရီးယား၊ အီရန်၊ မြောက်ကိုရီးယား၊ ဆူဒန်၊ ဆော်ဒီအာရေဗျ၊ တာဂျီကစ္စတန်၊ တာခ်မေနီစတန်နဲ့ အူဇ်ဘာကစ္စတန် စတဲ့ ၁၀ နိုင်ငံကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်က အမေရိကန်အစိုးရရဲ့ CPC အထူးစိုးရိမ်ရတဲ့ နိုင်ငံတွေအဖြစ် ထပ်မံအတည်ပြု သတ်မှတ်ကြောင်း မနေ့ ကြာသာပတေးနေ့က အမေရိကန်နိုင်ငံခြားဝန်ကြီး Rex Tillerson က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်နဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ဗျူရို ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဗွီအိုအေကို အခုလို ပြောပါတယ်။

"၁၉၉၈ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ဥပဒေအရ ဘာသာရေးလွတ်လပ်ခွင့်ကို ဆက်လက်ပြီး ပြင်းပြင်းထန်ထန် စနစ်တကျ ဖိနှိပ်နေတဲ့ နိုင်ငံတကာ အစိုးရတွေကို အမေရိကန်အစိုးရရဲ့ CPC (Country of Particular Concern) လို့ခေါ်တဲ့ အထူးစိုးရိမ်ဖွယ်ရာ နိုင်ငံစာရင်းထဲမှာ ထည့်သွင်း သတ်မှတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက နှစ်စဉ် အစီရင်ခံ ထုတ်ပြန်ပါတယ်။"

ဒါအပြင် ၂၀၁၇ခုနှစ်အတွက် ဘာသာရေးလွတ်လပ်ခွင့် ပြင်းပြင်းထန်ထန် ချိုးဖောက်မှုတွေရှိခဲ့တဲ့ ပါကစ္စတန်နိုင်ငံကိုအထူးစောင့်ကြည့်ရမယ့် နိုင်ငံစာရင်းမှာ ထည့်သွင်းထားကြောင်း Mr. Tillerson ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ၂၀၁၆ ခုနှစ် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံမှာ၂၀၁၆ ခုနှစ်အတွင်း လူနည်းစုကိုးကွယ်တဲ့ ဘာသာဝင်တွေ အပေါ် အကြမ်းဖက် တိုက်ခိုက်မှု၊ သူတို့ ကိုးကွယ်တဲ့ ဘာသာရေး အဆောက်အဦးတွေ ဖြိုချဖျက်စီးခံရမှု၊ ဘာသာရေး မုန်းတီးအောင် လှုံဆော်မှုတွေ ရှိနေကြောင်း ဖေါ်ပြထားပါတယ်။

အထူးသဖြင့် ၂၀၁၇ခုနှစ် သြဂုတ်လက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ အင်အားအလွန်အကျွံသုံးနယ်မြေရှင်းလင်းမှုကြောင့်ရိုဟင်ဂျာမွတ်စလင် ၆ သိန်းကျော် သုံးလအတွင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရတဲ့ ဖြစ်ရပ်ကို လူမျိုးစုအလိုက်ရှင်းလင်းဖယ်ရှားမှုအဖြစ် အမေရိကန်အစိုးရ သတ်မှတ်ခဲ့တာပါ။

ဒါကြောင့်လည်း အခု ၂၀၁၇ခုနှစ် ဘာသာရေးလွတ်လပ်ခွင့် ချိူးဖောက်တဲ့ အထူးစိုးရိမ်ရတဲ့ နိုင်ငံတွေစာရင်းမှာ မြန်မာနိုင်ငံကို ပြန်ပြီး ထည့်သွင်းခဲ့ပေမယ့် နှစ်နိုင်ငံ ဆက်ဆံရေး ထပ်မံပြောင်းလဲစရာအကြောင်းမရှိဘူးလို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

"မြန်မာနိုင်ငံအပေါ် အမေရိကန်ဆက်ဆံရေးနဲ့ ပတ်သက်လို့ အင်္ဂါနေ့က အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးထုတ်ပြန်ခဲ့တဲ့ မြန်မာ့လွတ်လပ်ရေးနေ့ ဂုဏ်ပြုသဝဏ်လွှာမှာ ရှင်းရှင်းလင်း လင်းဖေါ်ပြထားပါတယ်။ အခု CPC စာရင်းသတ်မှတ်ပြဌာန်းချက်နဲ့ ပတ်သက်လို့ မြန်မာအစိုးရဘက်က တရားဝင် တုန့်ပြန်ချက်မရသေးပါဘူး။ ဒီစာရင်းကိုလည်း ဒီကနေ့မှ ထုတ်ပြန်တာဆိုတော့ သူတို့ရဲ့ သဘောထား တုန့်ပြန်ဖို့ အချိန်မရသေးတာလည်းဖြစ်နိုင်ပါတယ်။"

အခုလို အမေရိကန်နိုင်ငံခြားရေးဌာနက CPC စာရင်းထုတ်ပြန်ရတာဟာ နိုင်ငံတကာမှာ ဘာသာရေးလွတ်လပ်ခွင့် ပိုပြီး ရလာစေဖို့ရည်ရွယ်တာဖြစ်ကြောင်း သူကတဆက်တည်း အခုလို ပြောပါတယ်။

"ဘာသာရေးလွတ်လပ်ခွင့်ကို ကာကွယ်မှုပေးတာဟာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ သာယာဝပြောရေးအတွက် အလွန်အင် မတန်မှ အရေးပါပါတယ်။ စာရင်း သတ်မှတ်ဖေါ်ပြခံရတဲ့ နိုင်ငံတွေမှာ ဘာသာရေးလွတ်လပ်ခွင့်ကို လေးစားပြီး တိုးတက်လာစေဖို့ ရည်ရွယ်ပြီး အခုလို ထုတ်ပြန်ရတာဖြစ်ပါတယ်။"

အမေရိကန်အစိုးရရဲ့ ဆောင်ရွက်ချက်ဟာ မှန်ကန်သင့်တော်ကြောင်း အောက်လွှတ်တော်နိုင်ငံခြားရေးရာ ကော်မတီဥက္ကဌ ရီပါပလင်ကန်အမတ် Edward Royce ကလည်း ကြိုဆိုလိုက်ပါတယ်။ မနေ့ ကြာသာပတေးနေ့က ထုတ်ပြန်တဲ့ သူရဲ့ကြေညာချက်မှာ မြန်မာနိုင်ငံကို CPC လို့ခေါ်တဲ့ အထူးစိုးရိမ်နေရဆဲ နိုင်ငံစာရင်းထဲ ပြန်ပြီးထည့်သွင်းတာဟာ အထူးသဖြင့် မြန်မာစစ်တပ်က ရိုဟင်ဂျာမွတ်စလင်တွေ ကို လူမျိုးစု အလိုက်ရှင်းလင်းဖယ်ရှားတဲ့လုပ်ရပ်ကြောင့် သင့်တော်ကြောင်း ဖေါ်ပြထားပါတယ်။

၁၉၉၈ ခုနှစ်က ထုတ်ပြန်တဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ဥပဒေအရ မြန်မာနိုင်ငံဟာ ၁၉၉၉ ခုနှစ်ကတည်းက စလို့ ဘာသာရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး CPC လို့ခေါ်တဲ့ အထူး စိုးရိမ်နေရဆဲ နိုင်ငံစာရင်း သတ်မှတ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက လက်နက်ရောင်းချမှုပိတ်ပင်တဲ့ ဒဏ်ခတ်အရေးယူမှုနဲ့အတူမြန်မာနိုင်ငံကို CPC နိုင်ငံအဖြစ် ပြန်သတ်မှတ်ခဲ့ပါတယ်။ အခု ၂၀၁၇ခုနှစ် ဒီဇင်ဘာလမှာ ပြန်ပြီးသတ်မှတ်တဲ့ အထူးစိုးရိမ်နေရဆဲ နိုင်ငံစာရင်းမှာလည်း မြန်မာနိုင်ငံကို ပြန်ပြီး ထည့်သွင်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG