သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကို စစ်လက်နက်ထောက်ပံ့ဖို့ အမေရိကန် မဆုံးဖြတ်ရသေး


အမေရိကန်သမ္မတ အိုဘားမားနဲ့ ဂျာမနီဝန်ကြီးချုပ် Angela Merkel တို့ အိမ်ဖြူတော်က ပူးတွဲသတင်းစာရှင်းလင်းပွဲ။ (ဖေဖေါ်ဝါရီ ၉၊ ၂၀၁၅)
အမေရိကန်သမ္မတ အိုဘားမားနဲ့ ဂျာမနီဝန်ကြီးချုပ် Angela Merkel တို့ အိမ်ဖြူတော်က ပူးတွဲသတင်းစာရှင်းလင်းပွဲ။ (ဖေဖေါ်ဝါရီ ၉၊ ၂၀၁၅)

ရုရှား ထောက်ခံမှုပေးထားတဲ့ ခွဲထွက်ရေးသူပုန်တွေကို ခုခံတိုက်ခိုက်ဖို့ ယူကရိန်းနိုင်ငံအတွက် စစ်လက်နက်တွေ ထောက်ပံ့ပေးရေးကိစ္စကို စဉ်းစားနေဆဲသာဖြစ်ပြီး ဆုံးဖြတ်ချက် မချရသေးပါဘူးလို့ အမေရိကန်သမ္မတ ဘရက် အိုဘားမားက တနင်္လာနေ့မှာ ပြောပါတယ်။

ဝါရှင်တန်မှာရောက်နေတဲ့ ဂျာမနီဝန်ကြီးချုပ် Angela Merkel နဲ့အတူ သမ္မတအိမ်ဖြူတော်မှာပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ မစ္စတာ အိုဘားမားက ရုရှားနိုင်ငံဟာ ယူကရိန်းနိုင်ငံအပေါ် ဆက်လက်ကျူးကျော် ရန်လိုနေဆဲဖြစ်ကြောင်း၊ စက်တင်ဘာလအတွင်းက ရထားတဲ့ အပစ်ရပ်သဘောတူမှုကို ချိုးဖေါက်ပြီး ခွဲထွက်ရေးသူပုန်တွေအတွက် အမြောက်တွေ သံချပ်ကာကားတွေ ပေးပို့နေတယ်လို့ ပြောပါတယ်။

ယူကရိန်းအရေးကိစ္စနဲ့ပတ်သက်ပြီး သံတမန်ရေး ကြိုးပမ်းမှု မအောင်မမြင်ဖြစ်ခဲ့ရင် လုပ်ဆောင်နိုင်တဲ့ နည်းလမ်းမှန်သမျှကို လေ့လာဖို့ သူ့အစိုးရအရာရှိတွေကို မှာကြားထားကြောင်း၊ ဒီအထဲမှာ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးဖို့ကိစ္စလည်း ပါဝင်ကြောင်း မစ္စတာ အိုဘားမားက ပြောပါတယ်။

ခုခံရေး စစ်လက်နက်တွေပေးဖို့ ဘယ်အချိန်မှာ သင့်တော်မယ်ဆိုတဲ့ သတ်မှတ်ချက်မရှိပါဘူးလို့ သမ္မတက ပြောပါတယ်။ ယူကရိန်းနိုင်ငံရဲ့ နယ်မြေအပေါ် ထပ်ကာထပ်ကာ ကျူးကျော်နေမှုမလုပ်အောင် ရုရှားကို ဘယ်လိုဖြောင်းဖျနိုင်မလဲဆိုတာ လေ့လာသုံးသပ်နေတယ်လို့လည်း ပြောပါတယ်။ သူနဲ့ မစ္စ Merkel တို့ဟာ သံတမန်ရေးအရ အဖြေရှာမှုအပေါ် ဆက်လက် အားပေးသွားဖို့နဲ့ ရုရှားအပေါ် အရေးယူဒဏ်ခတ် ပိတ်ဆို့မှုတွေ ဆက်လက် အစွမ်းကုန် တွန်းအားပေးလုပ်ဆောင်ဖို့ သဘောတူကြတယ်လို့ မစ္စတာအိုဘားမားက ပြောပါတယ်။

XS
SM
MD
LG