သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အရာရှိကြီး ၂ ဦး မြန်မာပြည်သွားမည်


အမေရိကန် အရာရှိကြီး ၂ ဦး မြန်မာပြည်သွားမည်
အမေရိကန် အရာရှိကြီး ၂ ဦး မြန်မာပြည်သွားမည်

အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဖြစ်တဲ့ အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ်နဲ့ အမေရိကန်နိုင်ငံခြားရေးဌာနက လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ သံအမတ်ကြီး လူးဝစ်ဆီဒါဘက်ကာ (Luis CdeBaca) တို့ဟာ ဇန်နဝါရီလ ၉ ရက်၊ တနင်္လာနေ့မှာ မြန်မာနိုင်ငံကို သွားရောက်ကြမယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။ ဒီခရီးစဉ်အတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုသာမက ဒဏ်ခတ်ပိတ်ဆို့မှုအတွက် အကျုံးဝင်နေတဲ့ လူကုန်ကူးမှု၊ အလုပ်သမား အခွင့်အရေး၊ နယ်စပ် ဒုက္ခသည်အရေးတွေကိုပါ လေ့လာသုံးသပ်ဖို့ရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့ အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ အမေရိကန် နိုင်ငံက တိုက်ရိုက်ထိတွေ့ ဆက်ဆံမှုတွေကို မကြာခင်လတွေအတွင်းမှာပဲ တိုးမြှင့်လုပ်လာခဲ့တာပါ။

ဒီဇင်ဘာ လဆန်းပိုင်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီးတဲ့နောက် အတူ လိုက်ပါသွားခဲ့တဲ့ အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ်ဟာ မကြာသေးခင်ကပဲ ဒေသတွင်း အင်အားကြီး သုံးနိုင်ငံဖြစ်တဲ့ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေကိုပါ သွားရောက်ပြီး မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် ပူးပေါင်း ဆောင်ရွက်မှုတွေရအောင် ကြိုးစားခဲ့ပါတယ်။ ရှေ့သီတင်းပတ်ထဲမှာတော့ မြန်မာနိုင်ငံကို ထပ်မံသွားရောက်ဖို့ ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။

“မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒ ညှိနှိုင်းရေးမှူးဖြစ်တဲ့ အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ်ဟာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်း မြန်မာနယ်စပ် ဒေသကို ဇန်နဝါရီလ ၉ ရက်နေ့ကနေ ၁၃ ရက်နေ့တွေမှာ သွားမှာပါ။ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ရဲ့ ဒီဇင်ဘာခရီးစဉ် နောက်ဆက်တွဲ လုပ်ငန်းတွေအတွက် နေပြည်တော်မှာရော ရန်ကုန်မှာပါ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ မစ္စတာ မစ်ချဲလ်ဟာ မြန်မာနိုင်ငံ အပူပိုင်းဒေသက အသေးစား ငွေချေးလုပ်ငန်း အစီအစဉ်တွေနဲ့ တခြား ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုပါ ကြည့်ဖို့ သွားမှာဖြစ်ပါတယ်။”

မစ္စတာ မစ်ချဲလ်ဟာ ထိုင်းနိုင်ငံမြောက်ပိုင်းက မြန်မာနယ်စပ်ဒေသမှာ မြန်မာဒုက္ခသည်တွေအတွက် အကူအညီတွေ ပေးနေတဲ့ အဖွဲ့တွေအပြင် ထိုင်းအရာရှိတွေနဲ့ပါ တွေ့ဆုံပြီး မြန်မာဒုက္ခသည်တွေရဲ့အရေးကိုပါ စမ်းစစ်ဖို့ရှိပါတယ်။ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ထားတာမှာ နိုင်ငံရေး ဖိနှိပ်မှုသက်သက်ကြောင့်တင် မဟုတ်ဘဲ ဘာသာရေးဖိနှိပ်မှု၊ မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးမှုဆိုင်ရာ ပြဿနာတွေအပြင် ကလေးစစ်သားနဲ့ အလုပ်သမားဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေပါ ပါဝင်တာမို့ ဒီ အရေးယူဒဏ်ခတ်မှုတွေကို ဖြေလျှော့ပေးနိုင်မယ့် အနေအထား ရှိမရှိ အမေရိကန်နိုင်ငံဘက်က လေ့လာစမ်းစစ်ဖို့ လိုပါတယ်။ အခု မစ္စတာ မစ်ချဲလ်နဲ့အတူ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အမေရိကန်အရာရှိပါ မြန်မာနိုင်ငံကို လာရောက်မယ်လို့ ဆိုပါတယ်။

“လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ သံအမတ် လူးဝစ်ဆီဒါဘက်ကာ ကတော့ ဇန်နဝါရီလ ၉ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ မြန်မာနိုင်ငံကို သွားမှာပါ။ မြန်မာနိုင်ငံက လူကုန်ကူးမှု အခြေအနေတွေကို ကိုယ်တိုင်ကြည့်ဖို့အပြင် မြန်မာအစိုးရရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းချက်တွေကို ဘယ်လို အကူအညီပေးနိုင်မလဲ ဆိုတာကိုပါ စမ်းစစ်မှာပါ။ နေပြည်တော်မှာ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ်နဲ့အတူ မြန်မာအစိုးရ တာဝန်ရှိသူတွေကို တွေ့ဆုံတဲ့အခါ နယ်မြေ ကျော်ဖြတ်ပြီး လိင်ဖျော်ဖြေမှုနဲ့ ဆက်နွယ်တဲ့ လူကုန်ကူးမှုအပြင် အလုပ်သမားတွေရဲ့ အခြေအနေ တိုးတက်မှုဆိုင်ရာတွေကို ဆွေးနွေးဖို့ရှိပါတယ်။”

လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ သံအမတ်ကြီး ဆီဒါဘက်ကာ ဟာ ရန်ကုန်မှာ အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး ကော်မရှင်နဲ့ပါ တွေ့ဆုံဖို့ရှိတယ်လို့ ဆိုပါတယ်။

မစ္စတာ မစ်ချဲလ်နဲ့ သံအမတ်ကြီး ဆီဒါဘက်ကာတို့အပြင် အမေရိကန် အောက်လွှတ်တော်အမတ် ဂျိုးဇက်ခရိုလီ (Joseph Crowley) ဟာလည်း ရှေ့သီတင်းပတ်ထဲမှာပဲ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အခြေအနေတွေကို ကိုယ်တိုင်ကိုယ်ကျ လေ့လာဖို့နဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် ဆက်သွားရေး မြန်မာအစိုးရကို တိုက်တွန်းအားပေးဖို့ လာရောက်မယ့်အကြောင်း၊ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းမှာ အစိုးရက တချို့တဝက် လုပ်ဆောင်ထားပြီးဖြစ်ပေမဲ့ နောက်ထပ် လုပ်ဆောင်ဖို့ လိုတာတွေ ရှိနေသေးကြောင်းနဲ့ နှစ်ပေါင်းများစွာ မိမိလေးစားခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ မျှော်လင့်နေပါတယ်လို့ ဇန်နဝါရီလ ၆ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ မစ္စတာ ခရိုလီက ပြောပါတယ်။

မစ္စတာ ခရိုလီဟာ မြန်မာ့ဒီမိုကရေစီရေးကို အစဉ်တစိုက် ထောက်ခံအားပေးလာခဲ့သူ ဖြစ်ပြီး မြန်မာစစ်အစိုးရ အဆက်ဆက်ကို အပြင်းအထန် ဝေဖန်ပြောဆိုလေ့ရှိသူ ဖြစ်ပါတယ်။ သူဟာ ၁၂ နှစ်အတွင်း မြန်မာနိုင်ငံကို ပထမဆုံး လာရောက်မယ့် အမေရိကန် အောက်လွှတ်တော်အမတ် ဖြစ်ပါတယ်။

XS
SM
MD
LG