သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရက်ပါတီညီလာခံကနေ တိုက်ရိုက်သတင်းပေးပို့ချက်


အမေရိကန်ပြည်ထောင်စု ပန်ဆာဗေးနီးယားပြည်နယ် Philadelphia မြို့မှာ ဒီမိုကရက်ပါတီရဲ့ ညီလာခံဒုတိယနေ့ကို ဆက်ပြီးတော့ ကျင်းပနေပါတယ်။ ဒီညီလာခံကို တက်ရောက် သတင်းယူနေတဲ့ ဗွီအိုအေဝိုင်းတော်သား ကိုအောင်လွင်ဦး ကို ဦးစံမိုးေ၀ က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး - ကိုအောင်လွင်ဦး အခုလက်ရှိ ကျင်းပနေတဲ့ ဒီမိုကရက်ပါတီရဲ့ ညီလာခံ ဒုတိယနေ့မှာပေါ့နော် သမ္မတကိုယ်စားလှယ်လောင်းအမည်ကို ကြေညာမယ်လို့ ကျနော်တို့ သိထားပါတယ်။ အခုစပြီးတော့လည်း ပြည်နယ်အသီးသီးက ကိုယ်စားလှယ်တွေ မဲတွေပေးနေကြပြီဆိုတော့ နောက်ဆုံးအခြေအနေ ဘယ်လိုရှိပါသလဲခင်ဗျ။

ဖြေ - ဟုတ်ကဲ့။ တကယ်တော့ သမ္မတလောင်းဖြစ်ဖို့ တရားဝင် ဒီ ညီလာခံမှာ အတည်ပြုခံရဖို့ဆိုရင်တော့ ကိုယ်စားလှယ်မဲ ၂၃၈၃ မဲ လိုပါတယ်။ ဒါပေမဲ့လည်းပဲ အခု ကျနော်တို့ ပြောနေတဲ့အချိန်အထိ မဲတွေကို ရေတွက်နေတဲ့နေရာမှာ ကလင်တန်က စုစုပေါင်း မဲ ၂၈၄၂ ရပြီးတော့၊ Sanders က ၁၈၀၀ ကျော်ရတယ်။ ဆိုတော့ မဲက ၁၀၀၀ လောက်ကွာနေတယ်။ ဒီအချိန်မှာပဲ Vermont ပြည်နယ်အလှည့်ကိုရောက်တဲ့အချိန်မှာ ဟီလာရီကလင်တန်နဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ Bernie Sanders က မဲဆန္ဒပေးတာတွေနဲ့ ပတ်သက်လို့ သူ့သဘောထားကို အခုလို ပြောသွားပါတယ်။

“အခု မဲဆန္ဒပေးနေတာတွေကို ရပ်ဆိုင်းပြီးတော့ ဟီလာရီကလင်တန်ကို အားလုံးက ဝိုင်းပြီးတော့ ထောက်ခံ အတည်ပြုပေးလိုက်ကြပါစို့”

ဆိုပြီးတော့ Bernie Sanders က မဲဆန္ဒပေးနေတဲ့လုပ်ငန်းစဉ်ကို ရပ်လိုက်ပြီးတော့ ကလင်တန်ကိုပဲ ထောက်ခံပါဆိုပြီးတော့ ပြောလိုက်ပြီး ကလင်တန်ကို သမ္မတလောင်းအဖြစ်နဲ့ အတည်ပြုဖို့ ပြောပြီးတော့ မရှေးမနှောင်းဆိုသလိုမှာပဲ -

“ညီလာခံကနေ သမ္မတလောင်းအဖြစ် ကြေညာလိုက်တဲ့အပေါ် လက်ခံတဲ့အကြောင်းနဲ့ သူ့အနေနဲ့ ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ ကြာသပတေးနေ့မှာဆိုရင်လည်း ကိုယ်တိုင် စကားပြောမှာဖြစ်တဲ့အကြောင်း ကလင်တန်ကနေ အခမ်းအနားမှူးကတဆင့် သတင်းစကား ပါးသွားတာပါ။”

တဆက်တည်းမှာပဲ ဗာဂျီးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး Terry McAuliffe ကလည်း ဒါဟာ သမိုင်းဝင်မယ့် နေ့တနေ့အဖြစ်နဲ့ ပြောကြားသွားပါတယ်။

“တိုင်းပြည်ရဲ့ နိုင်ငံရေးသမိုင်းမှာ အပြောင်းအလဲဖြစ်မယ့်နေ့ စာမျက်နှာ score ကို နိဂုံးချုပ်ပြီး အသစ်ပြန်ဖွင့်မယ့်နေ့၊ တသက်တာလုံး အမှတ်ရသွားစေမယ့် နေ့တနေ့ဆိုတာ သူ့အနေနဲ့ အာမခံရဲပါတယ်။ ဘာကြောင့်လဲဆိုတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ နောက်တက်မယ့် သမ္မတအဖြစ်နဲ့ ဟီလာရီ ကလင်တန်ကို အမည်စာရင်း တင်သွင်းခံရတဲ့အချိန်မှာ ကိုယ်တိုင်ရှိနေခဲ့လို့ပါ။”

ဆိုပြီးတော့ ဗာဂျီးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး Terry McAuliffe က ပြောသွားတာဖြစ်ပါတယ်။ သူပြောသွားသလိုပါပဲ ကျနော်ကိုယ်တိုင်လည်း ဒီအခမ်းအနားမှာရောက်နေတဲ့ နေ့ကတော့ အမေရိကန်ပြည်ထောင်စုမှာ ဒီမိုကရက်တစ်ပါတီရဲ့ ပထမဆုံး အမျိုးသမီးသမ္မတတင်မဟုတ်ဘဲနဲ့ အမေရိကန်ပြည်ထောင်စု တခုလုံးရဲ့ ပထမဆုံး အမျိုးသမီးသမ္မတလောင်းအဖြစ်နဲ့ ကြေညာလိုက်တာဟာ သမိုင်းဝင်နေ့တနေ့လို့လည်း ဆိုရမှာဖြစ်ပါတယ်ခင်ဗျ။

မေး - ဒါကတော့ အမေရိကန်ရဲ့ ပထမဆုံး အမျိုးသမီးသမ္မတလောင်း အရွေးခံရလိုက်ရတာပေါ့ဗျာ။ အခု မနေ့တုန်းကဆိုရင် ဒီညီလာခံမှာ သမ္မတကတော် Michelle Obama တို့ Bernie Sanders တို့လို ပုဂ္ဂိုလ်တွေကနေ အမှာစကား ပြောကြားခဲ့ကြတာတွေကို ကျနော်တို့ တွေ့ရပါတယ်။ အခု ဒီကနေ့မှာရော ဘယ်သူတွေ တက်ရောက်ပြီးတော့ ဘယ်သူတွေ အမှာစကား ပြောကြားဖို့ရှိပါသလဲ။

ဖြေ - ဟုတ်ကဲ့ ဒီကနေ့ စကားပြောမယ့် အထဲမှာတော့ အထူးခြားဆုံးလို့ပြောရမှာ အများကလည်း အာရုံစိုက်နေတဲ့ ပုဂ္ဂိုလ်ကတော့ ဟီလာရီ ကလင်တန်ရဲ့ ခင်ပွန်းသည်ဖြစ်တဲ့ သမ္မတဟောင်း Bill Clinton ပဲ ဖြစ်ပါတယ်။ သူကတော့ အမေရိကန်နိုင်ငံမှာလည်း သြဇာညောင်းတဲ့ပုဂ္ဂိုလ်၊ လူတွေက အခုအချိန်ထိလည်း လေးစားနေတဲ့ပုဂ္ဂိုလ်လည်းဖြစ်တယ်။ နောက် ဒီမိုကရက်ပါတီထဲမှာလည်း သြဇာညောင်းသူဖြစ်ပါတယ်။ သူကတော့ ဟီလာရီကလင်တန်နဲ့အတူ သူတို့မိသားစုရဲ့ နိုင်ငံရေးဘ၀ ဖြတ်သန်းမှုတွေ၊ နောက်ပြီးတော့ ဟီလာရီကလင်တန်ကိုယ်တိုင်ရဲ့ နိုင်ငံရေးနဲ့ မိသားစုဘဝတွေမှာ ဖြတ်သန်းမှုတွေကို အလေးထားပြီး ပြောကြားလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။

နောက်တခါ ထင်ရှားတဲ့နောက်ထပ်ပုဂ္ဂိုလ်တွေထဲက စကားပြောကြမယ့်သူတွေထဲမှာတော့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Madeleine Albright တို့လို၊ ဒီမိုကရက်ပါတီ အောက်လွှတ်တော်ရဲ့ လူနည်းစုခေါင်းဆောင် Nancy Pelosi ပါပါတယ်။ နောက်ပြီးတော့ သမ္မတဟောင်း Jimmy Carter ကလည်း ဗွီဒီယိုနဲ့ မိန့်ခွန်းစကား ပေးပို့ဖို့ စီစဉ်ထားတာ ရှိပါတယ်။

မေး - ကိုအောင်လွင်ဦးက ပြီးခဲ့တဲ့သီတင်းပတ်တုန်းကလည်း ရီပတ်ဘလစ်ကန်ပါတီ ညီလာခံကိုလည်း တက်ရောက်ခဲ့တယ်။ အခုလည်း ဒီမိုကရက်ပါတီညီလာခံမှာလည်း သွားပြီးတော့ သတင်းယူနေတာဆိုတော့ ဒီ ညီလာခံကြီးနှစ်ခုကြားမှာ ကွာခြားမှုကရော ဘာတွေ တွေ့ရပါသလဲ။

ဖြေ - အခုအချိန်အထိ တွေ့ရသလောက်ဆိုရင်တော့ ရီပတ်ဘလစ်ကန်ပါတီညီလာခံနဲ့ ကွာတာကတော့ ထူးခြားချက်က နိုင်ငံရေးအသိုင်းအဝိုင်းက အကျော်အမော်တွေ ပိုတွေ့ရတာပေါ့။ ဘာဖြစ်လို့လဲဆိုရင် မနေ့ကဆိုရင်လည်း သမ္မတကတော် Michelle Obama စကားပြောသွားတယ်။ ဒီနေ့မှာလည်း သမ္မတဟောင်း Bill Clinton က စကားပြောတယ်။ တတိယနေ့ကျရင်လည်း သမ္မတ Barack Obama နဲ့ ဒုသမ္မတ Joe Biden၊ နောက်တခါ အနုပညာလောကက ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေ၊ ဒီနေ့ အစီအစဉ်မှာဆိုရင်လည်း နာမည်ကျော်သရုပ်ဆောင် Meryl Streep၊ နောက် အဆိုတော် Alisha Keys တို့လို အနုပညာရှင်တွေလည်း ပါမယ်ဆိုတော့ ပြောမယ်ဆိုရင် စတားပါဝါပေါ့ ဒီအကျော်အမော်တွေရဲ့ အရှိန်အဝါတွေ ပိုသုံးထားတာ ဒါ ကွာခြားချက်လို့ ပြောရမှာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG