သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်လာ ငွေကြေးအရောင်းအဝယ်လုပ်သူအချို့ ဖမ်းဆီးခံရ


မြန်မာကျပ်ငွေ တန်းဖိုး ကျဆင်းမှုတွေကို ဟန့်တားဖို့အတွက် ဒေါ်လာဈေးကစားသူ ငါးယောက်ထက်မနည်းကို အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စစစ) က နိုင်ငံခြားငွေ စီမံခန့်ခွဲမှုပုဒ်မနဲ့ အရေးယူထားပါတယ်။ ဒါဟာ NLD အစိုးရသစ်လက်ထက် ဒေါ်လာဈေးကစားသူတွေကို ပထမဆုံး ဖမ်းဆီးအရေးယူတာဖြစ်ပါတယ်။ ဒီလို အရေးယူတဲ့အတွက် မြန်မာကျပ်ငွေတန်ဖိုး မကြုံစဖူးအောင် ထိုးကျခဲ့တဲ့အနေအထားကို ထိထိရောက်ရောက် ကာကွယ်နိုင်ပါ့မလား မေးခွန်းထုတ်မှုတွေလည်း ရှိနေပါတယ်။ VOA သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

ငွေကြေး ဈေးကစားတဲ့သူတွေကို စစ်ဆေးအရေးယူရာမှာ ၂၀၁၂ ခုနှစ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ပုဒ်မ ၄၂ ၊ ၄၃ နဲ့ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စစစ) က အရေးယူတာ ဖြစ်ပါတယ်။ စစစ ညွန်ကြားရေးမှူး ဦးအောင်မျိုးက အခုလို ပြောပါတယ်။

"တယောက် ဟုတ်ကဲ့၊ဟုတ်ကဲ့ တယောက်ရောက်ပါပြီခင်ဗျ။ ကျွန်တော်တို့ဆီအားလုံး ဖွင့်ထားတဲ့ အားလုံးပေါင်း ၅ ယောက်ထဲက တယောက် အပြေးဖြစ်နေတာ အခုလာရောက် စစ်ဆေးခံပါတယ်။ ဒီနေ့ဗျ အချိန်တော့တိတိ ကျကျ မသိလိုက်ဘူး။ ကျွန်တော်တို့ နိုင်ငံခြားငွေ စီမံခန့်ခွဲမှုပုဒ်မ ၄၂ ၊ ၄၃ နဲ့ဖွင့်ထားတာပါ။ ကျွန်တော်တို့ ဆက်စစ်နေတုန်းခင်ဗျ။ အရေအတွက် အားလုံး အတိအကျ ပြောလို့မရသေးပါဘူး။ ဆက်စစ်နေတုန်းပါ ကျွန်တော်တို့ ခေါ်ယူစစ်ဆေးတာတွေ လုပ်နေတုန်းပါ။ ရွှေသမားတွေလည်းပါတယ် ခေါ်ယူစစ်ဆေးတာ ဆောင်ရွက်ဆဲပဲပေါ့။"

ကျပ်ငွေတန်ဖိုး အကြုံစဖူးထိုးကျနေတဲ့အချိန် ဒေါ်လာဈေး ကစားတဲ့သူတွေကို အရေးုမယ့်အကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက စက်တင်ဘာလ ၂၁ ရက်နေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပြီးနောက်ပိုင်း ဖမ်းဆီးစစ်ဆေးတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်လာခဲ့ပါတယ်။

လုပ်ငန်းရှင်တွေဘက်ကတော့ ကုန်ထုတ်လုပ်ငန်းတွေအပေါ် ထိခိုက်မှုတွေ ရှိလာနိုင်တဲ့အတွက် ရှေရှည်အတွက် ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ အစိုးရနဲ့ ဗဟိုဘဏ်ကို အကြံပေးတင်ပြနေကြပါတယ်။

အခုလို ငွေကြေးကစားသူတွေကို အရေးယူတာနဲ့ပတ်သက်လို့ စီးပွားရေး လေ့လာသုံးသပ်သူ ဦးမင်းခင်ကတော့

"တကယ်က ဖမ်းဆီးစစ်ဆေးတယ်။ ဖမ်းတယ်ဆီးတယ် စစ်ဆေးတယ် အရေးယူတယ်ပေါ့ဗျာ။ ဟိုတုန်းက အရေးမယူဘဲနဲ့ ဟိုအရင်စစ်အစိုးရတွေလက်ထက်က ထိန်းသိမ်းထားပြီးတော့ တခါတလေ ဟိုတယ်မှာတောင်ထားပြီးတော့ နောက်မှ ပြန်လွှတ်တာမျိုးတောင် ရှိတယ်။ ဒါက တကယ့်အဖြေ မဟုတ်ဘူးဆိုတာ အရှေ့မှာ သာဓကတွေ အများကြီးရှိခဲ့ပြီ။ ဆိုတော့ ကျွန်တော်တို့က တကယ့် အဖြေကိုလုပ်ရမယ်။ တကယ့်အဖြေဆိုရင် ဥပဒေ စနစ် ဘာတွေမှားနေလည်း ဘာတွေဖြစ်နေလည်း အဲ့ဒါတွေကို ဘယ်လို တည့်မတ်မှာလည်း ။ အဲ့လိုတည့်မတ်တဲ့အခါမှာ လည်ပတ်နေတဲ့စီးပွားရေးထဲမှာ ပါဝင်နေတဲ့လူတွေကို မှန်မှန်ကန်ကန် နည်းလမ်းတကျ အလုပ်လုပ်နိုင်အောင် ဘာလုပ်မလည်း အလုပ်လုပ်နိုင်တဲ့ အခြေအနေတခု ကြားကာလ အပြောင်းအလဲအခြေအနေကို စီမံခန့်ခွဲမှာလဲ အဲ့ဒါတွေလိုတယ်ဗျ။ အဲ့ဒါတွေလုပ်နိုင်မှ တကယ့်အဖြေကရမှာ။"

ဒီနေ့ ညနေပိုင်းမှာတော့ မြန်မာကျပ်ငွေတန်ဖိုးဟာအမေရိကန် တဒေါ်လာကို ငွေလဲနှုန်း ၁၅၄၀ ကျပ် ဝန်းကျင်မှာ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကနဲ့ စာရင် တဒေါ်လာကို ငွေလဲနှုန်း ကျပ် ၈၀ ကျော် အထိ၊ ပျမ်းမျှအားဖြင့် ကျပ်ငွေဘက်က ဈေးပြန်တက်လာတာဖြစ်ပါတယ်။

ငွေကြေးကစားသူတွေလိုပဲ ရွှေဈေးကစားသူတချို့ကိုလည်း စစ်ဆေးတာတွေ လုပ်နေတဲ့ဆိုတဲ့ သတင်းတွေ ထွက်နေပေမယ့် ဒီသတင်းတွေနဲ့ ပတ်သက်လို့တော့ အတည်ပြုချက် မရသေးပါဘူး။

ကျပ်ငွေတန်ဖိုးကျဆင်းတာဟာ နိုင်ငံတကာငွေကြေးဈေးကွက်ရဲ့ ရိုက်ခတ်မှု ဆိုပေမယ့် မြန်မာနိုင်ငံရဲ့ အခြေခံစီးပွားရေး အားနည်းချက်တွေကြောင့် တခြားနိုင်ငံတွေထက် ပိုပြီး အထိနာတဲ့အကြောင်း စီးပွားရေးပညာရှင်တွေနဲ့ အစိုးရတာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG