သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ထိုးဆေး နောက်ထပ် သန်း ၅၀၀ ကျော် နိုင်ငံတကာကို လှူဒါန်းမည် (သမ္မတ Biden)


President Joe Biden
President Joe Biden

[ Zawgyi ]

ကမ္ဘာပေါ်က ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ကိုဗစ်ရောဂါ ကာကွယ်ဆေး နောက်ထပ် သန်း ၅၀၀ ဝယ်ယူလှူဒါန်းမယ့်အကြောင်း အမေရိကန်သမ္မတ Joe Biden ကကြေညာလိုက်ပါတယ်။

“ကမ္ဘာအဝန်းက ဝင်ငွေ အလယ်အလတ်နဲ့ နိမ့်ကျတဲ့ နိုင်ငံတွေကို လှူဒါန်းဖို့ အမေရိကန် ပြည်ထောင်စုက နောက်ထပ် Pfizer ကာကွယ်ဆေး သန်း ၅၀၀ ဝယ်ယူထားပါတယ်။ နောက်ထပ် လှူဒါန်းမယ့် သန်း ၅၀၀ ကိုတော့ ရှေ့နှစ် အခုလို အချိန်မှာ အပြီးပေးပို့မှာပါ။” လို့ သမ္မတ ဘိုင်ဒင်က ဗုဒ္ဓဟူးနေ့ ကိုဗစ်ကပ်ရောဂါဆိုင်ရာ ထိပ်သီးအွန်လိုင်း ဆွေးနွေးပွဲမှာ ပြောဆိုလိုက်တာပါ။

ဒီမတိုင်ခင်မှာလည်း အမေရိကန်က Pfizer BioNTech ကာကွယ်ဆေး သန်း ၅၀၀ ကျော်ကို ရှေ့နှစ် ဇွန်လကုန် နောက်ဆုံးထားပေးပို့ လှူဒါန်းဖို့လည်း ကတိပြုထားတာကြောင့် အခုဆိုရင် စုစုပေါင်း သန်း ၁၁၀၀ ရှိသွားပါပြီ။ နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်မှာ နှစ်ပတ်လည် အထွေထွေညီလာခံ ကျင်းပနေချိန် သီးသန့်ကျင်းပတဲ့ ကိုဗစ်ကပ်ရောဂါဆိုင်ရာ အွန်လိုင်း ထိပ်သီးအစည်းအဝေးမှာတော့ ဗြိတိန်၊ ကနေဒါ၊ အင်ဒိုနီးရှား၊ တောင်အာဖရိက ခေါင်းဆောင်တွေ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ Tedros Adhanom Ghebreyesus အပါအဝင် နိုင်ငံတကာက တာဝန်ရှိသူတွေလည်း ပါဝင်ခဲ့ကြပါတယ်။

ရှေ့နှစ်ထဲလောက်မှာ ကမ္ဘာ့လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ကို ကာကွယ်ဆေး အပြီးထိုးနိုင်ဖို့ WHO ရဲ့ ရည်မှန်းချက်ကိုလည်း သမ္မတဘိုင်ဒင်က အားပေးခဲ့ပြီး၊ ကပ်ရောဂါ ကူးစက်မှု ထိန်းချုပ်နိုင်ရေး တခြားချမ်းသာတဲ့ နိုင်ငံတွေကလည်း ဝိုင်းဝန်း ကြိုးပမ်းကြဖို့ တိုက်တွန်းခဲ့တာပါ။

WHO ညွှန်ကြားရေးမှူးချုပ်ကတော့ ရည်မှန်းချက်အတိုင်း အကောင်အထည် ဖော်နိုင်ဖို့ ကာကွယ်ဆေး ၁၁ ဘီလီယံလောက် လိုအပ်ကြောင်း ဇွန်လထဲမှာပဲ ပြောဆိုထားပါတယ်။ သမ္မတဘိုင်ဒင်ကတော့ ကမ္ဘာပေါ်က နိုင်ငံပေါင်း ၁၀၀ ကျော်ကို အမေရိကန်က ကာကွယ်ဆေး သန်း ၁၆၀ ကျော် ပေးပို့ထားပြီး၊ ဒီအရေအတွက်ဟာ ကမ္ဘာပေါ်က နိုင်ငံတွေအားလုံးကပေးတဲ့ အရေအတွက်ထက်တောင် ပိုများကြောင်းလည်း ပထမဆုံးအကြိမ်အဖြစ် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အင်္ဂါနေ့က မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

[ Unicode ]







XS
SM
MD
LG