(Zawgyi / Unicode)
နိုင်ငံခြားစစ်တပ်တွေအတွက် အမေရိကန်လုပ် လက်နက်တပ်ဆင်ထားတဲ့ ဒရုန်းယာဉ်တွေ တင်ပို့ရောင်းချမှု ကန့်သတ်ချက်ကို သမ္မတ Trump အစိုးရက သောကြာနေ့မှာ ဖြေလျှော့ပေးလိုက်ပါတယ်။
ဒါဟာ အမေရိကန်ရဲ့ နည်းပညာကို မဟာမိတ်တွေ လိုအပ်နေတာက တကြောင်း၊ အန္တရာယ်ရှိလက်နက် မပြန့်ပွားရေး သဘောတူစာချုပ်အဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံတွေက ဈေးကွက်ထဲမှာ နေရာယူလာတာက တကြောင်းကြောင့် အခုလို ဖြေလျှော့ပေးလိုက်တာ ဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော် ၁၉၈၇ ခုနှစ်မှာ နိုင်ငံပေါင်း ၃၅ နိုင်ငံ ပါဝင် လက်မှတ်ထိုးခဲ့တဲ့ ဒုံးလက်နက်နည်းပညာ ထိန်းချုပ်ရေးစာချုပ် (MTCR) အရ လူလိုက်ပါစရာမလိုတဲ့ အဝေးထိန်စနစ် လက်နက်ဖြန့်ဝေ ရောင်းချမှုကို တားမြစ်ထားတာပါ။ အဲဒီစာချုပ်ကနေ အနည်းငယ်လမ်းခွဲပြီး မဟာမိတ်နိုင်ငံတွေကို အမေရိကန်ရဲ့ အဆင့်မြင့်နည်းပညာ စစ်လက်နက်တွေ ရောင်းချသွားဖို့ သမ္မတ Trump က ခွင့်ပြုလိုက်တာလို့ အိမ်ဖြူတော် ကြေညာချက်မှာ ဖော်ပြပါတယ်။
MTCR စာချုပ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ နျူကလီးယားလက်နက်လို အားပြင်းတဲ့ ဒုံးလက်နက်ကြီးတွေ မပြန့်ပွားရအောင် တားဆီးရေးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လက်နက်တပ်ဆင်ထားတဲ့ ဒရုန်းယာဉ်တွေလည်း ဒီစာချုပ်ထဲ အကျုံးဝင်သလို လက်ရှိမှာ အဓိက ပြိုင်ဘက်အင်အားစုကြား စစ်ရေးပဋိပက္ခ မရှိဘူးဆိုရင် အဲဒီလို လက်နက်တွေ မရောင်းချဖို့ ပိတ်ပင်ထားတာပါ။
ဒါကြောင့် အခုလို ဖြေလျှော့ပေးလိုက်တဲ့အတွက် ဒုံးကျည်ပါတဲ့ ဒရုန်းယာဉ်တွေကို ဘယ်လိုလက်နက်အမျိုးအစားထဲ ထည့်သွင်း သတ်မှတ်မလဲဆိုတာ သမ္မထ Trump က ပြန်ပြီး စဉ်းစားဆုံးဖြတ်ဖို့ လိုလာမှာ ဖြစ်ပါတယ်။
အခု ရောင်းချခွင့်ပြုတဲ့ ဒရုန်းယာဉ်ထဲမှာ အမေရိကန်စစ်တပ်က လက်ရှိသုံးနေတဲ့ တနာရီ ၈၀၀ ကီလိုမီတာနှုန်းနဲ့ လေထဲပျံသန်းနိုင်တဲ့ အမျိုးအစားတွေရော၊ အခြား အမေရိကန်လုပ် စစ်လက်နက်တွေ ပါဝင်မှာ ဖြစ်ပါတယ်။
ဆယ်စုနှစ် ၃ ခု ကျော်လာပြီဖြစ်တဲ့ MTCR စာချုပ်ပါ စံသတ်မှတ်ချက်တွေဟာ ခေတ်မမီတော့သလို MTCR အုပ်စုပြင်ပက နိုင်ငံတွေကို လက်ဦးမှု ရသွားစေနိုင်တာဟာလည်း မမျှတတဲ့အပြင် အမေရိကန်ရဲ့ စစ်လက်နက် စီးပွားရေးလုပ်ငန်းကိုပါ ထိခိုက်လာနိုင်ကြောင်း အိမ်ဖြူတော်ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
MTCR စာချုပ်ကို ပြင်ဆင်ဖြည့်စွက်ဖို့ ၂ နှစ်တာ ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်မှု မရခဲ့ဘူးလို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။
အမေရိကန်က အခုလို ခေတ်မီနည်းပညာ လက်နက်တွေ တင်ပို့ရောင်းချခွင့် ပြုလိုက်တာဟာ ကမ္ဘာကြီးမှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကို ပိုပြီး အားပေးအားမြှောက်ပြုသလို ဖြစ်တာကြောင့် စိုးရိမ်စရာ ဖြစ်စေတယ်လို့ လက်နက်ထိန်းချုပ်ရေး လှုပ်ရှားသူတွေက စိုးရိမ်နေကြပါတယ်။
----------------------------------
(Unicode)