သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် DV ကံစမ်းမဲ ရလဒ်မှားယွင်း


အမေရိကန် DV ကံစမ်းမဲ ရလဒ်မှားယွင်း
အမေရိကန် DV ကံစမ်းမဲ ရလဒ်မှားယွင်း

အမေရိကန်နိုင်ငံဆီကို အရောက်လာခွင့် ဗီဇာမဲဖောက်ရာမှာ ကွန်ပျူတာရဲ့ ချို့ယွင်းမှုကြောင့် လူထောင်ပေါင်းများစွာကို မဲပေါက်တယ်ဆိုပြီး မှားယွင်းစွာ အသိပေးခဲ့မိတဲ့အတွက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အခု တောင်းပန်နေရပါတယ်။ ဒါကြောင့် လူပေါင်း ၁၅ သန်းနီးပါးရဲ့ လျှောက်လွှာတွေကို ပြန်ပြီး စိစစ် ရွေးချယ်ရလိမ့်မယ်လို့ ဆိုပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် ဒေးဗစ် ဂေါလပ်စ် (David Gollust) နိုင်ငံခြားရေးရုံးက သတင်း ပေးပို့ထားတာကို ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။

DV Lottery လို့ အများခေါ်နေကြတဲ့ အမေရိကန် ပြည်ထောင်စုမှာ လာရောက် အခြေချခွင့်ဗီဇာ မဲဖောက်တဲ့ ကိစ္စကို ၂၀၁၂ ခုနှစ်အတွက် ပြန်လုပ်ရတော့မယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက လူသိရှင်ကြား မကြုံစဘူး တောင်းပန်နေရတာကတော့ ကွန်ပျူတာ ချို့ယွင်းမှုကြောင့် ဖြစ်ပါတယ်။ DV Lottery ကို ၁၉၉၄ ခုနှစ်မှာ အမေရိကန် ကွန်ဂရက်လွှတ်တော်က စတင် အကောင်အထည် ဖော်ခဲ့တာပါ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ အမေရိကန်ကို လာရောက် အခြေချ နေထိုင်သူ သိပ်မရှိသေးတဲ့ နိုင်ငံတွေဆီက လူတွေ ပိုမိုလာရောက် အခြေချနိုင်ဖို့အတွက် ဖြစ်ပါတယ်။

အခု မိသားစုတွေ အပါအဝင်ဆိုရင် သန်း ၂၀ နီးပါးရှိတဲ့ လူပေါင်း ၁၅ သန်းခန့်တို့ဆီက ၂၀၁၂ ခုနှစ်အတွက် မနှစ် နှောင်းပိုင်းက မှတ်ပုံတင် လျှောက်ထားခဲ့တာပါ။ ဒီအထဲက အပြီးသတ် ၅၀,၀၀၀ ကို ရွေးချယ်သွားဖို့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ စတင်ပြီး တလလုံး လက်ခံ ရရှိခဲ့တဲ့ လျှောက်လွှာတွေထဲက ရွေးချယ်ရမယ့်အစား ပထမ ၂ ရက်အတွင်း လက်ခံရရှိခဲ့တဲ့ လျှောက်လွှာတွေထဲကချည်းပဲ ကွန်ပျူတာက မှားမှားယွင်းယွင်း ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။

ဒီလို မှားယွင်းချက်ကို ဒီရက်ပိုင်းအတွင်းမှာ သိလာရတော့ ဒီရွေးချယ်မှုဟာ ကံစမ်းမဲဖောက်ရာလည်း မကျဘူး၊ မျှမျှတတလည်း မဖြစ်ဘူးဆိုပြီး ပြန်ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာ လျှောက်လွှာရှင် ၂၀,၀၀၀ ကျော်ဆီကို DV Lottery ကံစမ်းမဲ ပေါက်တယ်၊ လုပ်စရာရှိတာ ဆက်လုပ်ပါဆိုပြီး အကြောင်းကြားမိလျက်သား ဖြစ်နေပါပြီ။ ဒီအတွက် မနေ့ သောကြာနေ့က အမေရိကန် နိုင်ငံခြားရေးရုံး ပြည်ဝင်ခွင့်ဗီဇာ ဝက်ဘ်ဆိုက်ဒ်မှာ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် ဒိုနာဟူး (David Donahue) က အခုလို တောင်းပန်ထားပါတယ်။

“ဒီလို မျှတမှု မရှိသော၊ ကံကျရွေးချယ်ခြင်း မဟုတ်သော ရလဒ် ထွက်ပေါ်စေခဲ့တဲ့ ကွန်ပျူတာ ချို့ယွင်းချက်ကို သိရကတည်းက ပြန်ပြင်လိုက်ပါပြီ။ ဒီပြဿနာကြောင့် အဆင်မပြေမှုတွေ၊ စိတ်ပျက်စရာတွေ ကြုံခဲ့ရရင် ကျနော်တို့ အနေနဲ့ ရိုးသားစွာ တောင်းပန်ပါတယ်။ ဝမ်းနည်းပါတယ်။ ဒီအမှားအယွင်းကြောင့် လျှောက်လွှာရှင် အများအပြားကို မတရားသဖြင့် နစ်နာစေခဲ့တဲ့အတွက် ကံစမ်းရွေးချယ်မှုအသစ် ထပ်မံ ပြုလုပ်ဦးမှာ ဖြစ်ပါတယ်။”

အခု ထပ် မဲဖောက် ရွေးချယ်ရာမှာတော့ မူလလျှောက်လွှာတွေထဲက ရွေးချယ်မှာသာ ဖြစ်တဲ့အတွက် အသစ် ထပ်မံ လျှောက်ထားစရာ မလိုဘူးလို့လည်း ဒိုနာဟူးက ဆိုပါတယ်။ ကံစမ်းမဲ ရလဒ်သစ်တွေကိုတော့ အမေရိကန် နိုင်ငံခြားရေးဌာန ဗီဇာဝက်ဘ်ဆိုက်ဒ်မှာ လာမယ့် ဇူလိုင်လလယ်ကို နောက်ဆုံးထား ဖော်ပြသွားမယ်လို့ သိရပါတယ်။

အခု လျှောက်လွှာရှင် ၁၅ သန်းထဲက ၉၀,၀၀၀ ကို ပထမအဆင့် ကံထူးရှင်အဖြစ် ရွေးချယ်မှာ ဖြစ်ပါတယ်။ Finalists လို့ခေါ်တဲ့ ဒီလို ရွေးချယ်ခံရသူတွေ အနေနဲ့ သူတို့ရဲ့ အရည်အချင်းတွေနဲ့ ပတ်သက်ပြီး ပုံစံတွေကို ဖြည့်စွက် တင်သွင်းရဦးမှာ ဖြစ်ပါတယ်။ အဲဒီအထဲကမှ ၅၀,၀၀၀ ကို အမေရိကန်မှာ လာရောက် အခြေချခွင့် ဗီဇာကို အပြီးသတ် ထုတ်ပေးမှာ ဖြစ်ပါတယ်။ ကျန် ၄၀,၀၀၀ ကိုတော့ ပုံစံ ဆက်ဖြည့်စရာ မလိုတော့သူတွေ ဒါမှမဟုတ် ပညာအရည်အချင်း အသက်မွေးဝမ်းကြောင်း ပညာနဲ့ တခြား လိုအပ်ချက်တွေ မကိုက်ညီဘူး ဆိုပြီးတော့ ချန်လှပ်ခဲ့မှာ ဖြစ်ပါတယ်။

XS
SM
MD
LG