သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားရေးဝါဒီဆရာတော် ကန်သံအမတ်ကို တရားစွဲမည်


ကန်သံအမတ် Scot Marciel (ဓါတ်ပုံ- U.S. Embassy Rangoon)
ကန်သံအမတ် Scot Marciel (ဓါတ်ပုံ- U.S. Embassy Rangoon)

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး facebook လူမှုကွန်ယက်ပေါ်တင်ထားတဲ့ စာတခုမှာ ဗုဒ္ဓရုပ်ပွားတော်ကို ဖော်ပြထားတဲ့ ပန်းချီကား တခုနဲ့ ပတ်သက်လို့ ဝေဖန်ကန့်ကွက်မှုတွေရှိနေချိန်မှာ အမျိုးသားရေးဝါဒီဦးဆောင်ဆရာတော်တပါးက သံရုံးကို တရားစွဲမယ်လို့ဆိုပါတယ်။ အမေရိကန်သံရုံးဖက်ကတော့ ဒီ post ကို လူမှုကွန်ယက်ပေါ်က ပြန်ဖြုတ်ချထားသလို၊ ဒီဖော်ပြချက်ဟာ ဘာသာရေးအရ ထိခိုက်စော်ကားလိုတဲ့သဘောမဟုတ်ဘူးလို့ဖြေရှင်းချက်ထုတ်ထားပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်း ပေးပို့ထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံး လူမှုကွန်ယက်စာမျက်နှာမှာ ဗုဒ္ဓရုပ်ပွားတော် ပန်းချီကားကို မျက်နှာအုပ် နှာခေါင်းစည်းတပ်တဲ့ ပုံတင်ခဲ့လို့ မကွေးကျောင်းတိုက် ဆရာတော်က အမေရိကန် သံအမတ်ကြီးအပါအဝင် ပန်းချီဆရာနဲ့ လူမှုကွန်ယက်မှာ တင်ခဲ့တဲ့သူတွေကို သာသနာ ညှိုးနွမ်းစေမှုနဲ့ တရားရုံး ဦးတိုက်လျှောက် သွားမယ်လို့ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက အခုလိုမိန့်ပါတယ်။

"ဘုန်းကြီးတို့ရဲ့ ဗုဒ္ဓဘုရားပုံကို အသက်ရှုကရိယာ မျက်နှာမှာ တပ်ထားတယ်။ အဲ့ဒီမျက်နှာမှာတပ်ထားတဲ့ပုံက မိန်းမသားတို့၏ အောက်ခံပုံနဲ့ မှားနိုင်တယ်။ ကြည်ညိုရာဖွယ်ရာကို မဆောင်ဘူး။ မသမာသောအကြံဖြင့် ဗုဒ္ဓဘာသာကို ညှိုးနွမ်းအောင် လုပ်ဆောင်နေခြင်းကြောင့် ဆရာတော်မှ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် စကော့မာစီရယ်နဲ့တကွ အဲ့ဒီပန်းချီကားကို ဆွဲတဲ့ပုဂ္ဂိုလ် အွန်လိုင်းမီဒီယာကို တင်သော ပုဂ္ဂိုလ်တို့ကို မနက်ဖြန်ခါ ၁၀ နာရီမှာ ကမာရွတ်တရားရုံးမှာ ဦးတိုက်လျှောက်သွားမှာပါ။"

အခုလို တရားရုံးဦးတိုက်လျှောက်တာဟာ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေအပြင် သာသနာရေး ဝန်ကြီးဌာနက မတားမြစ်တဲ့အတွက် ပြုလုပ်ရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

တရားရုံးကို ဦးတိုက်လျှောက်မယ့် တရားလို ဆရာတော် ဦးပါမောက္ခဘက်ကတော့ တောင်းပန်မယ်ဆိုရင် ခွင့်လွှတ်ပေးမယ်လို့ ဆိုပါတယ်။

"တောင်းပန်တဲ့နေရာမှာ ပီပီပြင်ပြင်တောင်းပန်ဖို့ မြန်မာ့အသံ သတင်းစာဂျာနယ်တွေကနေပြီး တောင်းပန်ရင် ဘုန်းကြီးတို့က ကျေနပ်နိုင်ပါတယ်။ နှစ်နိုင်ငံချစ်ကြည်ရေး ပျက်ပြားမယ့် အရေးတွေကိုလည်းပဲ ဘုန်းကြီးတို့ မလိုလားပါဘူး။ တဦးနဲ့တဦး အမုန်းပွားမှာတွေလည်း မလိုလားပါဘူး။ "

ပြည်ထောင်စုရှေ့နေများနဲ့ ဥပဒေအထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးကြီးမြင့် ကတော့ သံတမန်ကင်းလွတ်ခွင့် သဘောတူညီချက်အရ အမေရိကန်သံအမတ်ကြီးကို တရားစွဲဆိုလို့ မရဘူးလို့ဆိုပါတယ်။

“ သံအမတ်ကြီးဟာ သံတမန်ကင်းခွင့်ရထားတဲ့ ပုဂ္ဂိုလ်မို့လို့ သံအမတ်ကြီးကို တရားစွဲလို့ မရပါဘူး။ တရားရုံးကလည်း လက်ခံခွင့်မရှိပါဘူး။ အဲဒါကတော့ အသေအချာပါပဲခင်ဗျ။ တရားဥပဒေအရ မှန်တယ်ဆိုရင် တရားစွဲလိုရင်တော့ ရှိပါတယ်။ Cause of Action ပေါ့လေ အဲဒါပေါ်ပေါက်တယ်ဆိုရင်တော့ ။ သံအမတ်ကြီးဟာ သံတမန်ကင်းလွတ်ခွင့်ပေးထားတဲ့ ပုဂ္ဂိုလ်လည်းဖြစ်တယ်။ နောက်ပြီးတော့ အမေရိကန်သံရုံးကလည်း အဲဒီ Post ကိုလည်း ပယ်ချလိုက်ပြီဆိုတော့ ဒီအပေါ်မှာ တရားစွဲဆိုဖို့ အကြောင်း မပေါ်ပေါက်တော့ဘူးလို့ ကျနော်တို့ ယူဆလို့ရတယ် အထူးသဖြင့်ကတော့ သံတမန်ကင်းလွတ်ခွင့်အရ လုံး၀ တရားရုံးက ဒါကို ပယ်ချမှာ သေချာပါတယ် လက်ခံလို့ မရပါဘူး။”

အမေရိကန်သံရုံးဖက်ကတော့ ဘာသာတရားတွေကို ထိခိုက်စေဖို့မဟုတ်ပဲ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် လူငယ်တွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ဖော်ထုတ်ပေးတာလို့ သံရုံး ပြောခွင့်ရ Aryani Manring က ပြောပါတယ်။

"အမေရိကန်ပြည်ထောင်စုဟာ အားလုံးသော ကိုးကွယ်တဲ့ ဘာသာအသီးသီး နဲ့ ယဉ်ကျေးမှုတွေကို လေးစားပါတယ်။ အခု ပြောနေတဲ့ ပန်းချီကားချပ်ဟာ ကိုယ့်အသိုင်းအဝိုင်းအတွင်း၊ လေထုညစ်ညမ်းမှုလို ကိစ္စရပ်တွေအပေါ် လူငယ်အနုပညာရှင်တွေရဲ့ ထင်မြင်ယူဆချက်တွေကို ထုတ်ဖေါ်ပြသတဲ့ နှစ်နိုင်ငံ အနုပညာ ပူးပေါင်းဖလှယ်ရေး အစီအစဉ်တွေ အများကြီးထဲက တခုဖြစ်ပါတယ်။ အမေရိကန်သံရုံံးအနေနဲ့ ကသိကအောက် ဖြစ်အောင်လုပ်ဖို့ ရည်ရွယ်ချက်မရှိပါဘူး။

ကျမတို့အနေနဲ့ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်အတွက် အခိုင်အမာရပ်တည်ကြပါတယ်။ မူလ ရည်ရွယ်ချက်ဖြစ်တဲ့ ဒီပန်းချီပြပွဲကနေ သိပ်စိုးရိမ်ရတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပြဿနာတွေ အတွက် ဆွေးနွေးစရာအကြောင်းအရာတွေ ထွက်ပေါ်ကောင်း ထွက်ပေါ်လာလိမ့်မယ့်လို့ မျှော်လင့်ပါတယ်။

ကျမတို့အနေနဲ့ အားလုံးသော ကိုးကွယ်တဲ့ ဘာသာအသီးသီး နဲ့ ယဉ်ကျေးမှုတွေကို လေးစားတဲ့အကြောင်း ထပ်လောင်းပြောရင်းနဲ့ မြန်မာပြည်သူတွေနဲ့ အမေရိကန်ပြည်သူတွေအကြား ချစ်ကြည်ရင်းနှီးမှု တိုးတက်စေဖို့က ကျမတို့ရဲ့ ရည်မှန်းချက်ဘဲဖြစ်ပါတယ်ရှင်။"

အခုလ ၂၆ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးလူမှုကွန်ယက်စာမျက်နှာမှာ မြန်မာလူငယ်တွေရဲ့ အသံကိုဖော်ကျူးထားတဲ့ Insight Out အမည်ရတဲ့ ပန်းချီပြပွဲကို ကြေညာတဲ့ဓာတ်ပုံမှာ အခုလိုပုံတင်မိလို့ ဖြစ်ပါတယ်။ ဓာတ်ပုံတင်ပြီး မကြာခင်မှာပဲ သံရုံးက ဓာတ်ပုံကို ဖြုတ်ချခဲ့ပါတယ်။

၂၀၁၅ ခုနှစ်တုန်းကလည်း V Gastro ဘားဆိုင်ဟာ ဗုဒ္ဓရုပ်ပွားတော်ပုံမှာ နားကြပ်တပ်တဲ့ ပုံနဲ့ ကြေငြာမိလို့ ဆိုင်မန်နေဂျာ ဖြစ်တဲ့ နယူးဇီလန်နိုင်ငံသား တစ်ဦးနဲ့ မြန်မာနိုင်ငံသား ၂ ဦးကို သာသနာညှိုးနွမ်းစေမှု ပုဒ်မ အပြင် ဒေသန္တအမိန့်ကို ဖောက်ဖျက် ကျူးလွန် တယ်ဆိုပြီး တရားစွဲခံရကာ ထောင်ဒဏ် ၂ နှစ်နဲ့ ၆လ အမိန့် ချမှတ်ခံခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG