သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်မှာ Ebola ရောဂါ ပထမဆုံးဖြစ်ပွားသူ Dallas ဆေးရုံမှာကွယ်လွန်


အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံး Ebola ရောဂါဖြစ်ပွားတဲ့ ဝေဒနာရှင်ဟာ Dallas မြို့ ဆေးရုံမှာ ဗုဒ္ဓဟူးနေ့က သေဆုံးသွားပါတယ်။ Thomas Eric Duncan ဟာ ဆေးရုံတင်ပြီး ၁၀ ရက်အကြာမှာ သေဆုံးခဲ့တာလို့ သူတက်ရောက်ကုသခဲ့တဲ့ Texas Health Presbyterian ဆေးရုံက ပြောပါတယ်။

သူဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့က အနောက်အာဖရိကမှာ Ebola ရောဂါ ကပ်ဘေး အဆိုးရွားဆုံးဖြစ်နေတဲ့ မွေးရပ် လိုက်ဘေးရီးယားနိုင်ငံကနေ Dallas ကို ပြန်လာခဲ့တာပါ။ CDC လို့ခေါ်တဲ့ ကူးစက်ရောဂါ ပြန့်ပွားမှု ထိန်းချုပ်ရေးဌာန အကြီးအကဲ Dr. Thomas Frieden ကတော့ Duncan သေဆုံးခဲ့တဲ့အတွက် သူ့အနေနဲ့ လွန်စွာ စိတ်မကောင်းဖြစ်မိကြောင်း ပြောပါတယ်။

ဒါ့အပြင် Duncan အခုလို သေဆုံးမှုဟာ Ebola ရောဂါဝေဒနာရှင်တွေရဲ့ ဘေးဒုက္ခကို ကိုယ်စားပြုတာ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။ အနောက်အာဖရိကမှာ Ebola ရောဂါ ကူးစက်ပြန်ပွားမှု ဖြစ်နေတဲ့ ကာလပတ်လုံး အမေရိကန် ပြည်ထောင်စုမှာလည်း ဒီရောဂါကူးစက်မှုဖြစ်နိုင်တဲ့ အလားအလာ ရှိနေမှာဖြစ်တယ်လို့ Dr. Frieden က ပြောပါတယ်။

အမေရိကန်သမ္မတ အိုဘားမားကလည်း Ebola ရောဂါ တိုက်ဖျက်ရေးဟာ ဦးစားပေးဆောင်ရွက်ရမယ့် အမျိုးသားလုံခြုံရေး ကိစ္စဖြစ်တယ်လို့ ပြောပါတယ်။ Guinea၊ Liberia နဲ့ Sierra Leone နိုင်ငံတွေက လာတဲ့ ခရီးသည်တွေကို အထူးစစ်ဆေးမယ့် စက်ကိရိယာအသစ်တွေကို အမေရိကန်ပြည်ထောင်စုရဲ့ အဓိက နိုင်ငံတကာ လေဆိပ်ကြီး ၅ ခုမှာထားရှိမှာ ဖြစ်တယ်လို့လည်း သမ္မတက ဆိုပါတယ်။

ဒါ့အပြင် အမေရိကန်ပြည်ထောင်စုမှာ ဒီရောဂါပိုးကို ဘယ်လိုရင်ဆိုင် ကုသသင့်သလဲဆိုတာကို သိတဲ့ ကမ္ဘာ့အကောင်းဆုံး ဆရာဝန်တွေရှိနေပြီး Ebola ရောဂါကူးစက်မှု ဆိုးရွားလာဖို့ အခြေအနေလည်း မရှိဘူးဆိုတာ သူ့အနေနဲ့ ယုံကြည်ကြောင်း သမ္မတ အိုဘားမားက ပြောသွားပါတယ်။

XS
SM
MD
LG