ကြွေးပတ်လည် ၀ိုင်းနေတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေး အခြေအနေကို ပြန်ပြီး အခြေအနေ ကောင်းလာအောင် အစိုးရရဲ့ နောက်ဆုံး ကြိုးပမ်းချက်ကို နိုဝင်ဘာလ ၄ ရက်နေ့က နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု လောကက ကြိုဆိုလိုက်ကြပါတယ်။
၂၀၀၈ ခုနှစ်က ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဝန်ဆောင်မှုပေးတဲ့ အမေရိကန် ကုမ္ပဏီကြီး Lehman Brothers ဒေ၀ါလီခံသွားပြီး ကတည်းက အမြင့်ဆုံး ဈေးနှုန်းတွေနဲ့ အမေရိကန် ကုမ္ပဏီတွေရဲ့ အစုရှယ်ယာဈေးတွေ နိုင်ငံတကာ စတော့ရှယ်ယာ ဈေးကွက်တွေမှာ နိုဝင်ဘာလ ၄ ရက်နေ့က ထိုးတက်သွားခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စုရဲ့ ဗဟိုဘဏ်က အာမခံစာချုပ်တွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၀၀,၀၀၀ ဖိုးကို လာမယ့် ၈ လအတွင်း ၀ယ်ယူမယ်လို့ နိုဝင်ဘာလ ၃ ရက်နေ့က ကြေညာခဲ့ပါတယ်။
အာရှနဲ့ ဥရောပက အဓိက စတော့ရှယ်ယာ ဈေးကွက်တွေမှာ ဒီလို စတော့ရှယ်ယာဈေးတွေ တက်သွားစေခဲ့တဲ့ အမေရိကန် ပြည်ထောင်စု ဗဟိုဘဏ်ရဲ့ အစီအစဉ်ကို နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခရစ်စ်တင်း အတ်ကင်စန် (Christine Atkinson) က ချီးကျူး ပြောကြားခဲ့ပါတယ်။
စီးပွားရေး ဆုတ်ယုတ်ကျဆင်းနေမှု၊ အလုပ်လက်မဲ့နှုန်း မြင့်မားနေမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အမေရိကန် ပြည်ထောင်စုမှာ၊ စီးပွားရေး နာလန်ထူလာဖို့ ကုစားရေးအတွက် အခုအစီအစဉ်ဟာ တခုတည်းသော ခေတ်နဲ့အမီ ဖွံ့ဖြိုးတိုးတက်ရေး နည်းလမ်း ဖြစ်တယ်လို့ မစ်စ် အတ်ကင်စန်က ဆိုပါတယ်။
ဒီ အမေရိကန် စီးပွားရေး ပြန်လည်နိုးထလာရေး အစီအစဉ်အတွက် အမေရိကန်ပြည်ထောင်စု ဗဟိုဘဏ်ဟာ ငွေစက္ကူအသစ် ဒေါ်လာ သန်းပေါင်း ၆၀၀,၀၀၀ ဖိုး ရိုက်နှိပ် ထုတ်ဝေသွားမှာ ဖြစ်ပါတယ်။