သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် စီးပွားရေးနဲ့ အလုပ်လက်မဲ့ ပြဿနာ


အမေရိကန် စီးပွားရေးအပေါ် အရိပ်ထိုးနေတဲ့ အလုပ်အကိုင် ရရှိရေးကိစ္စမှာ တိုးတက်မှုတွေ လိုအပ်နေဆဲ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေး အခြေအနေတွေအပေါ် အရိပ်ထိုးနေတဲ့ အလုပ်အကိုင် ရရှိရေးကိစ္စမှာ တိုးတက်မှုတွေ လိုအပ်နေဆဲ ဖြစ်တယ်ဆိုတာ အလုပ်သမားဝန်ကြီးဌာနရဲ့ လစဉ်အစီရင်ခံစာက ဖော်ပြနေပါတယ်။ အလုပ်အကိုင်သစ်တွေ ဖန်တီးပေးနေပေမဲ့ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ အလုပ်ပြုတ်ကျသူ အရေအတွက် စံချိန်ချိုးလောက်အောင် များခဲ့တာပါ။

ဒီလို ပြဿနာတွေ ရင်ဆိုင်နေရဆဲ ဖြစ်ပေမဲ့လို့ အကောင်းဘက်ကို ဦးတည်နေတဲ့ အခြေအနေတွေ ရှိနေတယ်လို့ အစိုးရက ပြောပါတယ်။ အမေရိကန်နိုင်ငံရဲ့ စီးပွားရေး အလားအလာ မျှော်မှန်းချက်တွေနဲ့ ပတ်သက်လို့ ဗွီအိုအေ သတင်းထောက်တွေ ဖြစ်ကြတဲ့ Mil Arcega, Dan Robinson တို့ သတင်းပေးပို့ထားတာကို စုစည်းပြီး ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

အမေရိကန် အလုပ်သမားဝန်ကြီးဌာနရဲ့ ဇူလိုင်လဆန်းမှာ ထုတ်ပြန်တဲ့ လစဉ်အစီရင်ခံစာအရ၊ ပြီးခဲ့တဲ့ ဇွန်လအတွင်း အလုပ်နေရာ စုစုပေါင်း ၁၂၅,၀၀၀ လက်လွတ် ဆုံးရှုံးရတာမို့ ဒါဟာ တနှစ်လုံးမှာ အများဆုံး လတလအဖြစ် စံချိန်တင်ခဲ့တဲ့အထိ ဖြစ်ပါတယ်။ ဒီလို တလထဲမှာ အလုပ်ပြုတ်ကြသူ အများဆုံးဖြစ်ခဲ့ပေမဲ့၊ အလုပ်လက်မဲ့သူ ပျမ်းမျှဦးရေကတော့ အနည်းငယ် လျော့ကျခဲ့တာပါ။

တကယ်တော့ ဇွန်လထဲ အလုပ်အကိုင်သစ်တွေ ဖန်တီးရာမှာ ပုဂ္ဂလိက ကဏ္ဍမှာဆိုရင် အလုပ်သမား ၈၀,၀၀၀ ကျော်အထိ အလုပ်ခန့် ခဲ့တာမို့ ဒါဟာ ဒီအရင် တလထက်စာရင် တိုးတက်မှုလို့ ဆိုနိုင်ပေမဲ့ လူ ၂ သိန်းလောက် အလုပ်ပြုတ်ခဲ့တာကိုတော့ မကာမိတဲ့ အဖြစ်မျိုးနဲ့ ကြုံခဲ့ရတာ ဖြစ်ပါတယ်။

အလုပ်သမား ဝန်ကြီးဌာနရဲ့ စာရင်းအင်းဆိုင်ရာ ကော်မရှင်နာမင်းကြီးကတော့ အလုပ်အကိုင် ရရှိရေး အခြေအနေတွေဟာ ခိုင်ခိုင်မာမာ မရှိလှသေးဘူး ဆိုပေမဲ့၊ ၆ လဆက်တိုက် ဆိုသလို တိုးတက်မှုတွေ တွေ့လာနေရတာမို့ ဒါဟာ ကောင်းမွန်တဲ့ အခြေအနေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း အလုပ်အကိုင် လက်လွတ်ဆုံးရှုံးသူ သိန်းချီရှိနေတဲ့ အခြေအနေဟာ အမေရိကန် စီးပွားရေးမှာ မညီမမျှ ဖြစ်နေတဲ့ အခြေအနေတွေလို့ ဆိုရမှာပါ။

နာမည်ကျော် Wells Fargo ဘဏ်လုပ်ငန်းက အကြီးတန်း စီးပွားရေးပညာရှင် ဂျွန် ဆီလ်ဗီယာ (John Silvia) ကတော့ ပုဂ္ဂလိက ကဏ္ဍက တိုးတက်မှု အခြေအနေတွေအပေါ် အကောင်းမြင်လိုသူတွေ ရှိပေမဲ့ စီးပွားရေး ဖွံ့ဖြိုးမှုအတွက်ကတော့ အသင့်အတင့်သာ အထောက်အကူ ဖြစ်လိမ့်မယ်လို့ မြင်ပါတယ်။
“ပုဂ္ဂလိက ကဏ္ဍက တိုးတက်မှုတွေကတော့ အသင့်အတင့် ဆက်ပြီးတော့ ရှိနေဦးမှာပါ။ စီးပွားရေး ပြန်ပြီး နာလန်ထူ ဦးမော့လာတဲ့ ပုံစံကို ရှာနေကြတဲ့ အလွန်အကျွံ အကောင်းမြင်ကြသူတွေ၊ အမေရိကန် စီးပွားရေးဟာ မြန်မြန်ဆန်ဆန်ပဲ နဂိုအခြေအနေတွေကို ပြန်ရောက်လိမ့်မယ်လို့ ယူဆနေသူတွေ အဖို့ကတော့ ဒါတွေက အမှတ်ပေးစရာတွေ ဖြစ်လိမ့်မယ်လို့ပဲ ပြောရမှာပါ။”

အလုပ်သမား ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဇွန်လထဲမှာ အလုပ်လက်မဲ့နှုန်း ၉ ဒဿမ ၇ ရာခိုင်နှုန်း ရှိနေရာကနေ၊ ၉ ဒဿမ ၅ ရာခိုင်နှုန်းအထိ သုညဒဿမ ၂ ရာခိုင်နှုန်း ကျခဲ့တာမို့ ဒါဟာဆိုရင် လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်ကစလို့ အနိမ့်ဆုံး လျော့ကျခဲ့တာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဇွန်လထဲမှာ အလုပ်အကိုင်ရသူပေါင်း ၈၃,၀၀၀ ရှိခဲ့ပေမဲ့ ဒါဟာဆိုရင် ဒီအရင် ၂ လထက်စာရင် အလုပ်အကိုင် ရရှိကြသူ အရေအတွက် ကျဆင်းခဲ့တာပါ။

ဒီလို အတက်အကျတွေနဲ့ မရေမရာ အခြေအနေတွေ ကြုံနေရပေမဲ့၊ တဖြည်းဖြည်းချင်း တိုးတက်လာတဲ့ အခြေအနေတွေဟာ စီးပွားရေး တခုလုံးအနေနဲ့ လမ်းကြောင်းမှန်ကို ဦးတည်နေတယ်လို့ အလုပ်သမား ဝန်ကြီးဌာနရဲ့ အစီရင်ခံစာ ထွက်ပေါ်လာတဲ့နောက် သမ္မတ ဘရက်ခ် အိုဘားမား က မှတ်ချက်ပေး ပြောဆိုခဲ့တာပါ။

တချိန်တည်းမှာပဲ အမေရိကန်နိုင်ငံက လူသန်းပေါင်း များစွာအတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေဟာတော့ လုံလောက်မှု ရှိတယ်လို့ မဆိုနိုင်သေးတဲ့အကြောင်းလည်း သမ္မတက သတိပေးခဲ့တာ ဖြစ်ပါတယ်။
“အမေရိကန် ပြည်သူ အတော်များများအတွက်တော့ ပုံမှန် အခြေအနေကို ပြန်ဦးတည်နိုင်ဖို့ အရှိန်အဟုန်က သိပ်မလုံလောက် သေးပါဘူး။ စီးပွားရေး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နိုင်ဖို့၊ ကျနော်တို့ အတွက်လည်း ဒီအရှိန်အဟုန်က မလုံလောက် သေးပါဘူး။ စီးပွားရေး ကျဆင်းမှု တွင်းနက်ကြီးက အလုပ်အကိုင် ရှစ်သန်းလောက်ကို ဆွဲနှစ်ထားဆဲပါပဲ။ မတည်ငြိမ်သေးတဲ့ ကမ္ဘာ့ဈေးကွက်ကနေ ပြန်ပြီး ဦးမော့လာဖို့၊ ကျနော်တို့ ဆက်ပြီးတော့ ကြိုးစားကြရဦးမှာပါ။”

စီးပွားရေး တခုလုံးကို ကုစားနိုင်ဖို့၊ လူတွေ အလုပ်အကိုင်ရနိုင်ဖို့ လုပ်ရမယ့် ကိစ္စတွေ အများအပြား ရှိနေဆဲ ဖြစ်တယ်လို့လည်း သမ္မတက ပြောခဲ့တာ ဖြစ်သလို၊ ရေရှည်ဖွံ့ဖြိုးမှုတွေ လုပ်ဖို့ အစီအမံတွေကိုလည်း သမ္မတက ကြေညာခဲ့တာ ဖြစ်ပါတယ်။ ရေတိုအားဖြင့် နိုင်ငံတဝန်းမှာ ဆောက်လုပ်ရေး၊ တပ်ဆင်ရေးတို့လို လုပ်ငန်းပေါင်း ၅ ထောင်လောက်အတွက် စီမံကိန်းတွေနဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးသွားမှာ ဖြစ်သလို၊ လတ်တလော ပြဿနာတွေကို ရင်ဆိုင်ပြီးသွားတဲ့ အခါမှာတော့၊ ရေရှည် စီးပွားရေး ဖွံ့ဖြိုးမှု အစီအမံရဲ့ တစိတ်တပိုင်းအဖြစ် Broadband လို့ခေါ်တဲ့ အဆင့်မြင့် အင်တာနက် ဆက်သွယ်မှုတွေ မရှိတဲ့ နေရာတွေမှာ တိုးချဲ့ တပ်ဆင်တာတွေ လုပ်သွားမယ်လို့လည်း ကတိပြုခဲ့တာပါ။

သမ္မတရဲ့ စီးပွားရေးအကြံပေးကောင်စီ အကြီးအကဲဖြစ်တဲ့ ခရစ္စတီနာ ရိုမား (Christina Romer) ကတော့ အလုပ်သမား ဝန်ကြီးဌာနက နောက်ဆုံးထွက်ပေါ်လာတဲ့ ကိန်းဂဏန်းတွေဟာ စီးပွားရေး ကျဆင်းမှု ဘယ်လောက်နက်ရှိုင်းတယ် ဆိုတာကို တိုင်းတာပြသမှု တခုဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဇူလိုင်လ ၄ ရက်နေ့မှာ ကျရောက်တဲ့ အမေရိကန် လွတ်လပ်ရေးနေ့ သီတင်းပတ် အားလပ်ရက် အဖြစ် သမ္မတ အိုဘားမား က အလုပ်အကိုင် ရှာဖွေနေကြသူ လူထုကို ရည်ညွှန်းပြောဆိုရာမှာတော့၊ ဒီလို အချိန်အခါဟာ အမေရိကန် အနေနဲ့ စိမ်ခေါ်မှုတွေကို ကျောခိုင်းမသွားဖို့၊ ကြမ်းတမ်းလှတဲ့ စီးပွားရေး အကျပ်အတည်းတွေ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားသွားဖို့ သတိတယ ရှိရမယ့် အချိန်ဖြစ်တယ်လို့လည်း ပြောခဲ့တာပါ။

လတ်တလော အမေရိကန် နိုင်ငံမှာ အလုပ်လက်မဲ့ အရေအတွက်ဟာ ၁၅ သန်းနီးပါး ရှိနေတာ ဖြစ်ပါတယ်။ ဒီလိုပဲ အချိန်ပြည့် အလုပ်အကိုင် ရလိုကြသူ အချိန်ပိုင်း အလုပ်သမားတွေ၊ အလုပ်မရနိုင်လို့ ဆက်ပြီး အလုပ်မရှာကြသူတွေကိုပါ ရေတွက်မယ်ဆိုရင်တော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပြည့်အ၀ အလုပ်မရှိကြသူ ပမာဏဟာ ၁၆ ဒဿမ ၅ ရာခိုင်နှုန်းအထိ ရှိနေဆဲ ဖြစ်တာမို့ စီးပွားရေး အပြည့်အ၀ ပြန်လည်နာလန်ထူလာစေဘို့၊ ဆက်လက် ရုန်းကန်နေရဆဲ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG