သုံးရလွယ်ကူစေသည့် Link များ

လွှတ်တော် ရွေးကောက်ပွဲနဲ့ အမေရိကန် စီးပွားရေး


အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေး ပြဿနာတွေက လွှတ်တော် ရွေးကောက်ပွဲ လှုပ်ရှားမှုတွေမှာ လွှမ်းမိုးနေပါတယ်။

စက်တင်ဘာ ၁၃၊ ၂၀၁၀-အမေရိကန် စီးပွားရေးဆိုင်ရာ မူဝါဒတွေက နိုဝင်ဘာ လွှတ်တော် ရွေးကောက်ပွဲတွေ အပေါ် လွှမ်းမိုးနေပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ လွှတ်တော် ရွေးကောက်ပွဲတွေ မကြာခင်လပိုင်းမှာ ကျင်းပဖို့ ရှိနေချိန် အတိုက်အခံ ရီပတ်ဘလစ်ကန် ပါတီဝင်တွေရဲ့ ထိုးနှက်ချက်တွေကြားမှာ သမ္မတ ဘရက်ခ် အိုဘားမား ကတော့ စီးပွားရေးဆိုင်ရာ မူဝါဒအသစ်တွေကို အဆိုပြုလိုက်ပါတယ်။ ဒါပေမဲ့လည်း ဒီမူဝါဒအသစ်တွေက အားပျော့နေဆဲဖြစ်တဲ့ တိုင်းပြည်စီးပွားရေးကို တကယ်တမ်း ကျားကန် ပေးနိုင်ပါ့မလားဆိုပြီး ဝေဘန်မှုတွေ၊ သံသယတွေကတော့ ရှိနေကြဆဲပါ။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက်တွေ ဖြစ်ကြတဲ့ Mil Arcega, Kent Klein တို့ရဲ့ သတင်းပေးပို့ချက်တွေနဲ့အတူ အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေးအခြေအနေတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးထားပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ စီးပွားရေးဖွံ့ဖြိုးမှုတွေ နှေးကွေးနေဆဲ အခြေအနေတွေက နိုင်ငံရေးအပေါ် အရိပ်မိုးနေတာမို့ အခုဆိုရင် နိုဝင်ဘာ လွှတ်တော်ရွေးကောက်ပွဲ မတိုင်မီမှာလည်း ဒီကိစ္စတွေဟာ အဓိကပြောဆိုစရာ ကိစ္စတခု ဖြစ်နေရဆဲပါ။ သမ္မတ ဘရက်ခ် အိုဘားမား ကိုယ်တိုင် မကြာသေးခင်ကပဲ ကြေညာခဲ့တဲ့ မူဝါဒသစ်ဟာ ဆိုရင်လည်း တိုင်းပြည် စီးပွားရေးကို ကျားကန်ပေးဖို့ အတွက်သာမက၊ “အတိတ်က မအောင်မြင်ခဲ့တဲ့ မူဝါဒတွေ” လို့ သူကကင်ပွန်းတပ် ပြောဆိုခဲ့တဲ့ အတိုက်အခံ ရီပတ်ဘလစ်ကန်တွေရဲ့ ဆောင်ရွက်ချက်တွေကို တန်ပြန်ဖို့ ရည်ရွယ်ခဲ့တာလည်း ဖြစ်ပါတယ်။ လွှတ်တော် ရွေးကောက်ပွဲတွေ ကျင်းပဖို့ ၂ လတောင် မလိုတော့တဲ့ အချိန်မှာ သမ္မတရဲ့ ပြောဆိုချက်ဟာ မကြာခင် တွေ့မြင်ကြရမယ့် အပြောင်းအလဲတွေရဲ့ ပဏာမမြင်ကွင်းလို့လည်း ဆိုရမှာပါ။

စက်တင်ဘာလဆန်းပိုင်းအတွင်း သမ္မတက အလားတူ ဆိုလိုရင်းမျိုးတွေကို တောက်လျှောက် ပြောနေခဲ့တာဖြစ်ပြီး၊ အိုဟိုင်းယိုးပြည်နယ်က မိန့်ခွန်းတခုမှာတော့ စီးပွားရေး လုပ်ငန်းတွေအနေနဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်စေမယ့် ရင်းနှီးမြုပ်နှံမှုတွေ တိုးမြှင့်လုပ်ဆောင်လာအောင် အခွန်အတုပ် သက်သာခွင့်လို အထူးအခွင့်အရေး အသစ်တွေ ပေးသွားဖို့ကိုလည်း ကြေညာခဲ့တာ ဖြစ်ပါတယ်။
“ပြည်ပလုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံမှုတွေကို မက်လုံးပေးတာလို အခွန်ကောက်ခံမှုတွေမှာ အားနည်းချက်တွေ ရှိနေမယ့်အစား၊ အခု အိုဟိုင်းယိုး ပြည်နယ်မှာလို၊ အမေရိကန် ပြည်ထောင်စုမှာလို၊ သုတေသနနဲ့ ဆန်းသစ်ဖန်တီးမှုတွေ အတွက် အလုပ်လုပ်နေကြတဲ့ ကုမ္ပဏီတွေကို အခွန်သက်သာခွင့်တွေ ရက်ရက်ရောရောနဲ့ အမြဲတမ်း တိုးပြီးပေးသွားဖို့ ကျနော် အဆိုပြုနေတာပါ။”

သူ့ရဲ့ စီးပွားရေဆိုင်ရာ မူဝါဒ တခုလုံးဟာ စီးပွားရေး အရှိန်ပြန်ကောင်းလာစေဖို့နဲ့ အလုပ်အကိုင်တွေ ဖန်တီးဖို့ကို အဓိက အာရုံစိုက်ထားတာ ဖြစ်တဲ့အကြောင်းကိုလည်း အိုဟိုင်းယိုး ပြည်နယ်က မိန့်ခွန်းအပြီး နောက်တပတ်ထဲ အိမ်ဖြူတော်က သတင်းစာရှင်းလင်းပွဲ မှာတော့ သမ္မတက ပြောဆိုခဲ့တာပါ။ တချိန်တည်းမှာပဲ လူပေါင်း သန်းနဲ့ချီ အလုပ်လက်မဲ့ ဖြစ်ကြရတဲ့ စီးပွားရေး ကျဆင်းမှုကနေ ပြန်လည် နာလန်ထူလာတဲ့ အခြေအနေတွေဟာ နာကျင်စရာကောင်းလောက်အောင် နှေးကွေးနေဆဲ ဖြစ်တာကိုလည်း အသိအမှတ်ပြု ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေကို ရင်ဆိုင်သွားနိုင်ဖို့ အခုအခါ သမ္မတက ခြေလှမ်းသစ်တွေကို အကြံပြုနေပေမဲ့လည်း ဒါတွေ တကယ်တမ်း အထောက်အကူ ဖြစ်မဖြစ်အပေါ် သံသယတွေက ရှိနေကြဆဲပါ။

အခြေခံ အဆောက်အအုံ လုပ်ငန်းတွေမှာ ဒေါ်လာသန်းပေါင်း ၅ သောင်း သုံးစွဲသွားဖို့ အစောပိုင်းမှာ အဆိုပြုထားပြီး ဖြစ်တဲ့တိုင်အောင် အစီအမံသစ်တွေက သိသာတဲ့ အကျိုးဆက်တွေ မြင်ရမယ့်ပုံ မရှိဘူးလို့ Moody ကော်ပိုရေးရှင်းကြီးက စီးပွားရေး ပညာရှင် မာခ် ဇန်ဒီ (Mark Zandi) က ဆိုပါတယ်။
“ဒါတွေကို မြန်မြန်ဆန်ဆန် အတည်ပြုနိုင်မယ်ဆိုရင်တော့ အထောက်အကူ ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်၊ ဒါပေမဲ့လည်း ဒီကိစ္စက အလွယ်တကူ ကိစ္စဖြစ်မယ်လို့ ကျနော်မထင်ပါဘူး။ အလုပ်အကိုင်တွေ တပုံတခေါင်း တိုးလာမှာ မဟုတ်သလို ရှေ့လာမယ့် ၆ လ ကနေ တနှစ်အတွင်း သေချာပေါက် မဖြစ်နိုင်ပါဘူး။”

သမ္မတ အိုဘားမား ရဲ့ စီးပွားရေး မူဝါဒတွေအပေါ် အဓိက ဝေဘန်သူတွေ အဖြစ်နဲ့ကတော့ အတိုက်အခံ ရီပတ်ဘလစ်ကန်တွေ ဖြစ်ကြပြီး၊ စီးပွားရေး နာလန်ထူလာစေဖို့ ဆောင်ရွက်ခဲ့တဲ့ အစီအမံအဟောင်းတွေကို စွန့်ပစ်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုနေကြတာပါ။ အမေရိကန် သူဋ္ဌေးတွေအတွက် အခွန်သက်သာခွင့်တွေကို သမ္မတဟောင်း ဂျော့ဂ်ျ ဒဗလျူဘုရှ် လက်ထက်က ချမှတ်ထားတာတွေ သက်တမ်း ကုန်ဆုံးတော့မယ့်အပေါ် ရီပတ်ဘလစ်ကန် ထိပ်တန်းခေါင်းဆောင် တဦးဖြစ်တဲ့ ဂျွန် ဘေနာ (John Boehner) က အမေရိကန် ရုပ်သံ ABC နဲ့ မေးမြန်းခန်း တခုအတွင်း ဝေဘန်ခဲ့တာ ဖြစ်ပါတယ်။
“ကျနော်တို့ အသုံးစားရိတ်ကို ထိန်းချုပ်ဖို့ မကြိုးစားပဲ၊ နောက်တခုက စီးပွားရေး အားမကောင်းလာပဲနဲ့ ဘဏ္ဍာရေး လိုငွေပြမှု ပြဿနာကို ကိုင်တွယ်နိုင်မှာ မဟုတ်ပါဘူး။ ကျနော်တို့ စီးပွားရေးမှာ ရင်းနှီးမြုပ်နှံမှုတွေ ပိုလုပ်ပြီး၊ လူတွေကို အလုပ်ပြန်ပေးနိုင်မယ့် ဒီဝင်ငွေမြင့်မားတဲ့ သူတွေအပေါ် အခွန်မြှင့်တင်လိုက်ရင်၊ အားကောင်းတဲ့ စီးပွားရေးလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။”

သမ္မတ အိုဘားမားကတော့ သူ့ရဲ့ စီးပွားရေးဆိုင်ရာ မူဝါဒတွေဟာ လူလတ်တန်းစားတွေကို အထောက်အကူပေးဖို့ ရည်ရွယ်ကြောင်း ပြောဆိုထားတာပါ။ ဒါပေမဲ့လည်း အတိုက်အခံ ရီပတ်ဘလစ်ကန်တွေဟာဖြင့် ကြွယ်ဝသူတွေကို မျက်နှာသာပေးပြီး စီးပွားရေး ကျဆင်းမှုတွေ ကြုံခဲ့ရတဲ့ မူဝါဒမျိုးတွေဆီကိုသာ ပြန်သွားဖို့ ကြိုးပမ်းနေတယ်လို့ တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။
“ရီပတ်ဘလစ်ကန်တွေ အားလုံးက ဘဏ္ဍာရေးလိုငွေပြမှုကို နည်းစေချင်တယ်လို့ ပြောနေတဲ့ တချိန်တည်းမှာပဲ၊ နောင်လာမယ့် ၁၀ နှစ်အတွင်း သန်းကြွယ်သူဋ္ဌေး ဖြစ်နေပြီးသားသူတွေ တယောက်ချင်းစီအတွက် ဒေါ်လာ ၁ သိန်းလောက် အခွန်တွေ ဖြတ်တောက်ပြီး၊ သန်း ၇ သိန်း အကြွေးတင်အောင် ကျနော်တို့ကို ပြောနေတာပါ။”

နိုဝင်ဘာ ရွေးကောက်ပွဲတွေ မတိုင်မီ လူထုစစ်တမ်းတွေမှာတော့ လွှတ်တော်ထဲမှာ အများစုနေရာရထားတဲ့ ဒီမိုကရက်တွေ အနေနဲ့ အရေးနိမ့်မှုတွေနဲ့ အကြီးအကျယ် ကြုံရနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ အိမ်ဖြူတော်က သတင်းစာရှင်းလင်းပွဲ အတွင်းမှာတော့ သမ္မတက ဒီမိုကရက်တွေဟာ လူလတ်တန်းစားတွေအတွက် မားမားမတ်မတ် ရပ်သူတွေ၊ ရီပတ်ဘလစ်ကန်တွေကတော့ သန်းကြွယ် သူဋ္ဌေးတွေနဲ့ သူတို့ရဲ့ အထူးအခွင့်အရေးတွေကို အကာအကွယ် ပေးနေသူတွေအဖြစ် ရည်ညွှန်းပြောဆိုခဲ့တာပါ။ စီးပွားရေး လုပ်ငန်းငယ်တွေ အနေနဲ့ လုပ်ငန်းတွေ တိုးချဲ့ပြီး အလုပ်သမားသစ်တွေ ငှားရမ်းခန့်ထားနိုင်အောင် အခွန်သက်သာခွင့် ပေးဖို့နဲ့ ငွေချေးဖို့ ရည်ရွယ်ထားတဲ့ ဥပဒေမူကြမ်းတရပ်ကို အောက်လွှတ်တော်ထဲမှာ ကြန့်ကြာအောင် ဆိုင်းထားတဲ့ အတွက်လည်း ရီပတ်ဘလစ်ကန်တွေကို သမ္မတက အပြစ်တင်ခဲ့ပါတယ်။

တကယ်တော့ အတိုက်အခံ ရီပတ်ဘလစ်ကန်တွေရဲ့ နိုင်ငံရေး လမ်းစဉ်ဟာ သန်းကြွယ်သူဋ္ဌေးတွေ ဧရာမ ကော်ပိုရေးရှင်းကြီးတွေအတွက် အခွန်အတုပ် သက်သာအောင်လုပ်ပေးပြီး အုပ်ချုပ်သွားဖို့ထက် ဘာမှမပိုလှဘူးလို့ သမ္မတ အိုဘားမား က ပြောဆိုလိုက်တာပါ။
“သူတို့တတွေဟာ ကျနော်ကျမ်းသစ္စာကျန်ဆိုပွဲ မတိုင်ခင်ကလေးမှာတုန်းက လုပ်ခဲ့တဲ့ တွက်ချက်မှုအတိုင်း ထပ်တွက်နေကြတာပါ။ ကျနော်ရှုံးရင်၊ သူတို့ကနိုင်မယ်။ ဒါမျိုး နိုဝင်ဘာလကျရင် သူတို့တွေ့ရလိမ့်မယ်လို့လည်း ယူဆကောင်း ယူဆနေကြမှာပါ။ ဒါပေမဲ့လည်း ဒါက တိုင်းပြည်မှာ ရေရှည်မှာ လိုအပ်တဲ့ အခြေအနေကိုတော့ ရောက်လာမှာ မဟုတ်ပါဘူး။”

နိုဝင်ဘာ လွှတ်တော် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့တော့ အမေရိကန် လူထုအနေနဲ့ အတိတ်က မအောင်မြင်ခဲ့တဲ့ မူဝါဒတွေကို ပြန်သွားမလား၊ တိုင်းပြည်ကို တဖြည်းဖြည်းချင်း ရှေ့ကို တိုးတက်စေမယ့် မူဝါဒတွေနဲ့ ချီတက်ကြမလားဆိုတဲ့ ဆုံးဖြတ်ရခက်ခဲတဲ့ ရွေးချယ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သမ္မတက ပြောခဲ့တာပါ။ ဒါပေမဲ့လည်း ABC ရုပ်မြင်သံကြားနဲ့ ၀ါရှင်တန်ပို့စ် သတင်းစာတို့ရဲ့ ပူးတွဲလူထုစစ်တမ်း တခုမှာတော့ အမေရိကန် ၅၇ ရာခိုင်နှုန်းက သမ္မတရဲ့ စီးပွားရေးနဲ့ ပတ်သက်လို့ ကိုင်တွယ်ပုံတွေကို မကြိုက်ဘူးလို့ သဘောထားပေးခဲ့ကြပါတယ်။ ဒီလိုပဲ တခြားလူထုစစ်တမ်းတွေမှာ ဆိုရင်လည်း မဲပေးမယ့်သူတွေကြား အတိုက်အခံ ရီပတ်ဘလစ်ကန်တွေဘက် အလေးပေးလာသူတွေ တိုးပွားလာနေတာကို တွေ့မြင်နေရတဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG