သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ် လူနည်းစုတွေကို ကန် လေကြောင်း အကူအညီပေး


အီရတ်နိုင်ငံတွင်း အရေးပေါ်အကူညီ ကန် လေကြောင်းဖြင့် ချပေး။
အီရတ်နိုင်ငံတွင်း အရေးပေါ်အကူညီ ကန် လေကြောင်းဖြင့် ချပေး။

အီရတ်နိုင်ငံမြောက်ပိုင်းမှာ အစ္စလာမ် အစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ ပြတ်လပ်မှုကြောင့် သေဘေးနဲ့ ရင်ဆိုင်နေရတဲ့ ခရစ္စယာန်ဘာသာဝင်တွေနဲ့ ရှေးဟောင်းအယူဝါဒ ကိုးကွယ်သူ Yazidi မျိုးနွယ်စုတွေအတွက် အမေရိကန် ပြန်ထောင်စုက အရေးပေါ် လူသားချင်း စာနာတဲ့ အကူအညီတွေ လေကြောင်းကနေ စတင် ချပေးနေပြီလို့ ပင်တဂွန် အရာရှိတွေက ပြောပါတယ်။

အရေးပေါ်လိုအပ်တဲ့ အစားအသောက်၊ ရေနဲ့ တခြား မရှိမဖြစ် လိုအပ်တဲ့ အရာတွေကို လေကြောင်းကနေ ချပေးဖို့အတွက် ဒေသတွင်းမှာရှိနေတဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေ ပြင်ဆင်နေကြပြီလို့ အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်က အရာရှိတဦးက ပြောပါတယ်။ Irbil မြို့က အမေရိကန် ကောင်စစ်ဝန်ရုံးမှာ ရှိနေတဲ့ သံတမန်တွေနဲ့ တပ်ဖွဲ့ဝင်တွေကို ကာကွယ်ပေးဖို့အတွက် လေကြောင်းကနေ တိုက်ခိုက်မယ့် အစီအစဉ်ဟာလည်း ရွေးချယ်စရာ နည်းလမ်းတခုအဖြစ် ရှိနေတယ်လို့ အဲဒီ အရာရှိက ပြောပါတယ်။

သမ္မတ Barack Obama ဟာလည်း အီရတ်ကိစ္စကို ဘယ်လို တုန့်ပြန်ရမယ်ဆိုတာနဲ့ ပတ်သက်လို့ အမျိုးသားလုံခြုံရေး အကြံပေးအရာရှိတွေနဲ့ ကြာသပတေးနေ့ တနေ့လုံးနီးပါး အိမ်ဖြူတော်မှာ ဆွေးနွေး တိုင်ပင်နေပါတယ်။

ခရစ်ယာန်ဘာသာဝင်တွေနဲ့ ရှေးဟောင်းအယူဝါဒ ကိုးကွယ်တဲ့ Yazidi မျိုးနွယ်စုတွေ အနေနဲ့ အစ္စလာမ်ဘာသာထဲကို မကူးပြောင်းရင် သတ်ပစ်မယ်လို့ အီရတ်နိုင်ငံ မြောက်ပိုင်းဒေသ အများစုကို သိမ်းပိုက်ထားတဲ့ အစ္စလာမ် စစ်သွေးကြွတွေက ခြိမ်းခြောက်နေတာ ဖြစ်ပါတယ်။ ထောင် သောင်းချီတဲ့ ဒုက္ခသည်တွေ နေရပ်စွန့်ခွာပြီး အစာရေစာ မရှိတဲ့ တောင်းတန်တွေဖက်ကို ထွက်ပြေး တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

XS
SM
MD
LG