သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အောက်လွှတ်တော်အမတ်နေရာ အိုဟိုင်းယိုးပြည်နယ်ကြားဖြတ်ရွေးကောက်ပွဲ အနိုင်အရှုံး မဆုံးဖြတ်နိုင်သေး


အမေရိကန် အောက်လွှတ်တော်နေရာအတွက် အိုဟိုင်းယိုးပြည်နယ်က အထူးရွေးကောက်ပွဲမှာ ကိုယ်စားလှယ်တွေကြား မဲအပြတ်အသတ် အနိုင်မရတဲ့အတွက် ဒီနေ့အစောပိုင်းအထိ အနိုင်-အရှုံး ဆုံးဖြတ်ဖို့ ခက်ခဲနေပါတယ်။

အိုဟိုင်းယိုးပြည်နယ်က ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပြည်နယ်တချို့က ရွေးကောက်ပွဲ ရလဒ်တွေကနေ ရှေ့လာမယ့် နိုဝင်ဘာ လွှတ်တော်ရွေးကောက်ပွဲအပေါ် ရိုက်ခတ်လာနိုင်တဲ့ အလားအလာတွေကိုလည်း ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်တစ်ပါတီတို့က အနီးကပ် စောင့်ကြည့်နေကြတာပါ။

အိုးဟိုင်းယိုး မဲဆန္ဒနယ်မြေတွေ အားလုံးကရရှိထားတဲ့ ကိန်းဂဏန်းတွေအရ ရီပတ်ဘလစ်ကန်ကိုယ်စားလှယ် Troy Balderson က ဒီမိုကရက်တစ် ကိုယ်စားလှယ် Danny O'Connor ထက် ထောက်ခံမဲ ၁၇၀၀ အသာရထားပါတယ်။ ပြည်နယ်ရွေးကောက်ပွဲ တာဝန်ခံ Jon Husted ကတော့ မဲရုံပေါင်း ၃၄၀၀ ကျော်နဲ့ ကြိုတင်မဲပေါင်း ၅၀၀၀ လောက် မဲပေးခဲ့ကြောင်း ပြောဆိုခဲ့ပေမဲ့ ပြည်နယ်ဥပဒေအရ၊ အင်္ဂါနေ့ရွေးကောက်ပွဲအပြီး ၁၁ ရက်ကြာမှ တရားဝင် မဲရေတွက်နိုင်မှာဖြစ်ကြောင်း ပြောဆိုထားတာပါ။

အနိုင်ရတဲ့ ကိုယ်စားလှယ်ကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ တာဝန်ကနှုတ်ထွက်သွားတဲ့ ရီပတ်ဘလစ်ကန် အောက်လွှတ်တော်အမတ် Pat Tiberi ရဲ့ နေရာကို တာဝန်ယူရမှာ ဖြစ်ပါတယ်။ အခုနေရာကိုပဲ နိုဝင်ဘာ လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းပတဲ့အခါ နောက်တကြိမ်ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့အတွက် ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် Balderson နဲ့ ဒီမိုကရက်တစ် ကိုယ်စားလှယ် O'Connor တို့ ထပ်မံယှဉ်ပြိုင်ရမယ့် အလားအလာတွေလည်း ရှိနေပါတယ်။

သမ္မတ Donald Trump ကတော့ အထူးရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် အနိုင်ရခဲ့တယ်ဆိုပြီး Twiteer ကနေ အမှတ်ယူပြောဆိုလိုက်ပါတယ်။ စနေနေ့ညက သူမိန့်ခွန်းပြောခဲ့ပြီးနောက်၊ အခက်အခဲတွေကြားက ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် အကြီးအကျယ် အနိုင်ရခဲ့ပြီး၊ နိုဝင်ဘာလွှတ်တော်ရွေးကောက်ပွဲမှာလည်း အကြီးအကျယ် နိုင်လိမ့်ဦးမယ်လို့ ပြောဆိုခဲ့တာပါ။

XS
SM
MD
LG