သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ရွေးကောက်ပွဲ နဲ့ မြန်မာ မဲဆန္ဒရှင်များ


လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း အမေရိကန်ပြည်ထောင်စုမှာ လာရောက်အခြေချနေထိုင်သူ မြန်မာနိုင်ငံသားဦးရေဟာ ၁ သိန်း ၆ သောင်းနီးပါးရှိပါတယ်။ California ပြည်နယ်၊ San Francisco Bay ဒေသမှာဆိုရင် မြန်မာပြည်ကလာသူ ထောင်နဲ့ချီ အခြေချနေထိုင်နေကြပါတယ်။ သူတို့တတွေဟာ အမိမြန်မာပြည်မှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးရှေ့ရှုတဲ့ခြေလှမ်းတွေကို တွေ့မြင်ခဲ့ကြရပြီး မွေးစားမိခင်နိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဒီနှစ် ရွေးကောက်ပွဲမှာလည်း ဒီမိုကရေစီရေး လေ့ကျင်တဲ့အနေနဲ့ ပါဝင်ဆင်နွဲကြဖို့ ပြင်ဆင်နေကြပါပြီ။ VOA သတင်းထောက် Mike O’Sullivan ကသတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။

San Francisco မြို့အနီးမှာရှိတဲ့ အမေရိကန်နိုင်ငံသားခံယူဖို့ပြင်ဆင်တဲ့သင်တန်းမှာ သင်တန်းတက်နေသူတဦးဖြစ်တဲ့ ဒေါ်ကြင်သန်းက ဒီနိုင်ငံရဲ့ အခြေအနေနဲ့ အနှစ် ၅၀ စစ်အစိုးရအုပ်ချုပ်မှုအောက်မှာ ရှိခဲ့တဲ့ မြန်မာပြည်ရဲ့ အခြေအနေကွားခြားမှုကို ထောက်ပြလိုက်ပါတယ်။

“လွတ်လပ်မှုမရှိတာကတော့ နေရာတကာမှာပါဘဲ။ ကျမကလွတ်လပ်မှုကို လိုချင်လို့ ဒီနိုင်ငံကို လာခဲ့တာပါ။”

အမေရိကန်ပြည်ထောင်စုကိုရောက်နေတဲ့မြန်မာပြည်သားတွေကြားမှာတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton ကိုရေပန်းစားလူကြိုက်များလှပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အတိုက်အခံဘဝတုန်းက Hillary Clinton က ထောက်ခံခဲ့တာကို အသိအမှတ်ပြုနေကြဆဲဖြစ်ပါတယ်လို့ ကိုထက်ဝင့်ကပြောပါတယ်။

“မြန်မာပြည်အကြောင်း ကောင်းကောင်းသိတဲ့သူတယောက် အမေရိကန်သမ္မတ ဖြစ်ရင်တော့ သိပ်အထောက်အကူဖြစ်မယ်လို့ ကျနော်ကတော့ယူဆတာပါဘဲ။”

ကယ်လီဖိုးနီးယားပြည်နယ်မှာ နှစ်စဉ်ကျင်းပတဲ့ မြန်မာ့ရုပ်ရှင်ပွဲတော်ကတော့ မြန်မာပြည်သားတွေ စုစုစည်းစည်းတွေ့ဆုံကြပြီး မြန်မာပြည်ရဲ့ နိုင်ငံရေးဖြစ်ထွန်းမှုတွေနဲ့ ပတ်သက်ပြီးဆွေးနွေး ပြောဆိုနိုင်ကြတဲ့ပွဲတပွဲဖြစ်ပါတယ်။ ဒီပွဲတော်ကိုတက်ရောက်လာတဲ့ လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ နာမည်ကျော် ရုပ်ရှင်မင်းသား၊ ဒါရိုက်တာကျော်သူဟာဆိုရင် စစ်အစိုးရအဆက်ဆက် ဆင်ဆာ အပိတ်ခံခဲ့ရသူဖြစ်ပါတယ်။

“ဒီလိုပိတ်ဆို့မှုကြားထဲကနေပြီးတော့မှ ခက်ခက်ခဲခဲရပ်ခဲ့ရတဲ့အခါ အခုအစိုးရအပြောင်းအလဲဖြစ်တဲ့အခါမှာ တချို့နဂိုရှိတဲ့အစိုးရအပြောင်းအလဲရဲ့ သူ့ရဲ့အဆက်အနွယ်တွေရှိသေးတယ်။ ဒါတွေကိုလည်း ပြတ်ပြတ်သားသားလုပ်မှရမယ် ။ မှန်ကန်တဲ့ဥပဒေနဲ့ပဲ ထိန်းချုပ်မှရမှာ ၊ မျက်နှာမလိုက်တဲ့ ဥပဒေနဲ့ ထိန်းချုပ်မှရမှာပါ။”

အမိမြေမှာ ဒီထက်မကပိုပြီး ဒီမိုကရေစီရေးအပြောင်းအလဲတွေပိုပြီးတွေ့ချင်ကြသလို လာမယ့်အမေရိကန်ရွေးကောက်ပွဲကိုလည်း မျှော်လင့်ချက်တွေနဲ့အတူ စိုးရိမ်မှုတွေလည်းရှိနေကြပါတယ်။ အမေရိကန်နိုင်ငံရေးအတွက်လည်း ရင်လေးနေကြ သူတွေရှိတယ်လို့ မဖြူဖြူလှိုင်ကပြောပါတယ်။

“ကျမကတော့ Hillary Clinton ကိုထောက်ခံမှာပါ။ မြန်မာပြည်လိုနိုင်ငံမျိုးကလာတာဆိုတော့ Donald Trump ဟာ စစ်အစိုးရပုံစံမျိုးကို ပြန်ပြောင်းသတိပေးသလိုဖြစ်နေတယ်လို့ ကျမယူဆပါတယ်။ အဲလိုအဖြစ်မျိုးကိုတော့ ပြန်မသွားချင်ပါဘူး။”

မြန်မာအသိုင်းအဝိုင်းအနေနဲ့ အမေရိကန်ရွေးကောက်ပွဲမှာ သိသိသာသာအပြောင်းအလဲဖြစ်အောင် မဲပေးနိုင်တဲ့သူဦးရေ သိပ်မများလှပါဘူး။ ဒါပေမယ့် အမေရိကန်ရောက်မြန်မာပြည်သားတွေဟာ အမေရိကန်လူနေမှုဘဝနဲ့ နိုင်ငံရေးမှာ တက်တက်ကြွကြွနဲ့ ပါဝင်လှုပ်ရှားနေကြပါတယ်။

ရွေးကောက်ပွဲနဲ့ အမေရိကန်ရောက် မြန်မာများ
please wait

No media source currently available

0:00 0:03:04 0:00
တိုက်ရိုက် လင့်ခ်

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG