အင်္ဂါနေ့ကကျင်းပတဲ့ အမေရိကန်လွှတ်တော် သက်တမ်းဝက် ရွေးကောက်ပွဲတွေမှာ ရီပတ်ပလစ်ကန်တွေက အသာစီးရပြီး လွှတ်တော်နှစ်ရပ်စလုံးကို ထိန်းချုပ်မှု ရသွားပါတယ်။ ဒါပေမဲ့ ဒီမိုကရက်ဖြစ်တဲ့ အမေရိကန်သမ္မတ အိုဘားမားရဲ့ နောက်ဆုံးသက်တမ်း နှစ်နှစ်ကာလအတွင်း အရှေ့အလယ်ပိုင်း ဒေသနဲ့ယှဉ်ရင် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒမှာ အပြောင်းအလဲ ကြီးကြီးမားမားဖြစ်လာဖို့ မျှော်လင့်မထားကြဘူးလို့ အမေရိကန်ရွေးကောက်ပွဲမှာ ကိုယ်တိုင် လေ့လာခဲ့ကြတဲ့ မြန်မာသတင်းသမားတွေက ပြောပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။
အခုကျင်းပသွားတဲ့ အမေရိကန်လွှတ်တော် ရွေးကောက်ပွဲတွေမှာ အထက်နဲ့ အောက်လွှတ်တော် နှစ်ရပ်လုံးမှာ ရီပတ်ပလစ်ကန်အမတ်တွေက အသာစီးရခဲ့တာကြောင့် သမ္မတအိုဘားမား အစိုးရနဲ့ လွှတ်တော်ကြား သဘောထား ကွဲပြားမှုတွေ ပေါ်ပေါက်လာနိုင်စရာ ရှိပါတယ်။ ဒါ့အပြင် ပြန်ပြီး အရွေးခံခဲ့ရတဲ့ ရီပတ်ပလစ်ကန် အထက်လွှတ်တော် အမတ်ခေါင်းဆောင် Mitch McConnell ဟာဆိုရင် အာဏာရှိတဲ့ အထက်လွှတ်တော်အမတ် အများစုခေါင်းဆောင်ဖြစ်လာဖို့ ရှိပါတယ်။ သူဟာ မြန်မာ့ဒီမိုကရေစီရေးကို အစဉ်တစိုက် အလေးပေးဆောင်ရွက်နေတဲ့ အမေရိကန် နိုင်ငံရေးခေါင်းဆောင် တဦးလည်း ဖြစ်ပါတယ်။
အလားတူ အရင်မြန်မာစစ်အစိုးရကို ပြင်းပြင်းထန်ထန် အရေးယူဖို့ အမေရိကန်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ဦးဆောင်ခဲ့သူ ရီပတ်ပလစ်ကန် အထက်လွှတ်တော်အမတ် John McCain ဆိုရင်လည်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေမှာ လွှတ်တော်ရဲ့ လက်နက်ကိုင် တပ်ဖွဲ့များဆိုင်ရာ ကော်မတီကို ဦးဆောင်လာနိုင်ဖွယ် ရှိနေတာပါ။
ဒါကြောင့် သမ္မတ အိုဘာမားဟာ သူရဲ့နောက်ဆုံးသက်တမ်း နှစ်နှစ်ကာလအတွင်း နိုင်ငံခြားရေး မူဝါဒနဲ့ပတ်သက်လို့ အကျပ်အတည်း ဖြစ်လာနိုင်တယ်လို့ သုံးသပ်သူတွေ ရှိနေပါတယ်။ ဒါပေမဲ့ ၂၀၁၂ ခုနှစ်ကစပြီး မြန်မာနိုင်ငံကို ထားရှိတဲ့ သမ္မတအိုဘားမားရဲ့ ထိတွေ့ဆက်ဆံမှု မူဝါဒမှာတော့ သိပ်ပြီး အပြောင်းအလဲ ရှိမှာမဟုတ်ဘူးလို့ အမေရိကန် နိုင်ငံရေးကျွမ်းကျင်သူတွေက ယူဆကြောင်း လူဝီစီယားနားပြည်နယ်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲကို သွားရောက်လေ့လာခဲ့တဲ့ မြန်မာသတင်းစာဆရာ ဦးစည်သူအောင်မြင့်က ပြောပါတယ်။
“နိုင်ငံရေးကျွမ်းကျင်တဲ့သူတွေနဲ့ ကျနော်တို့တွေ့တယ်။ တွေ့တော့ သူတို့ကို ကျနော်တို့မေးတယ်။ မေးတော့ သူတို့က ဘယ်လိုပြောပြသလဲဆိုတော့ ဒီနိုင်ငံခြားရေးမူဝါဒပေါ့ အထူးသဖြင့် ဒီမြန်မာပြည်နဲ့ ပတ်သက်တဲ့ နိုင်ငံခြားရေးမူဝါဒမှာဆိုရင် သမ္မတနဲ့ အစိုးရအဖွဲ့ကပဲ အကောင်အထည်ဖော်နေတာ ဖြစ်တဲ့အတွက်ကြောင့် အခု လွှတ်တော်ဘက်မှာ ချိန်ခွင်လျှာ ပြောင်းသွားပေမဲ့လည်း ဘာမှသက်ရောက်မှု သိပ်မရှိနိုင်ဘူးလို့ သူပြောတယ်။ အဲတော့ သိပ်ကြီးမားတဲ့ကိစ္စဆိုရင်တော့ တမျိုးပေါ့။ ဥပမာ စစ်ပွဲကြီး ဆင်နွှဲရတော့မယ် ဘာညာဆိုရင် ဒီကိစ္စဟာ သမ္မတက သူ့တယောက်တည်းကိစ္စနဲ့ မပြီးတော့ဘူး။ ဘတ်ဂျက်ကို လွှတ်တော်ကနေ ပြဌာန်းပေးတဲ့အခါကျတော့ လွှတ်တော်ရဲ့ အရေးပါမှုကလည်းရှိတယ်။ ဒါပေမဲ့ ဗမာပြည်လို အရေးအခင်းမျိုးမှာကျတော့ အဲ့လိုမျိုး သိပ်ပြီးတော့ အပြောင်းအလဲရှိမယ့်ပုံ မတွေ့ရဘူးလို့ သူတို့တွေ အားလုံးကတော့ ပြောပြကြတယ်။”
မေး။ ။ ဦးစည်သူအောင်မြင့်တို့ကိုယ်တိုင် ဒီလူဝီစီယားနားပြည်နယ်က ရွေးကောက်ပွဲ လေ့လာခဲ့တာဆိုတော့ မှတ်သားစရာ၊ ထူးခြားချက်တွေ ဘာတွေတွေ့ခဲ့လဲရှင့်။
ဖြေ။ ။ “သူတို့ဆီမှာကတော့ ကျနော်တို့နဲ့မတူဘူး။ အခြေခံမှာကအစ ကွာခြားတယ်ပေါ့။ အခြေခံဆိုတာက ပထမဦးဆုံးအဆင့်ဆိုရင် မဲပေးပိုင်ခွင့်ရှိသူစာရင်းပေါ့နော် အဲဒါတွေက သူတို့ သေသေချာချာ တိတိကျကျ သူတို့ ပြုစုထားတယ်။ နောက် တလကိုတခါ အစိုးရကနေပြီးတော့မှ ဒီဥစ္စာကို update အမြဲတမ်းလုပ်ထားတယ်။ လုပ်ထားတဲ့အခါကျတော့ စာရင်းတွေကတော့ အကုန်လုံး သူတို့မဲရုံတွေမှာ အဆင်သင့်ရှိနေပြီ။ ပြီးတော့မှ နောက် မဲလာပေးတဲ့သူတွေက သူတို့ဒီမှာကိုင်ထားတဲ့ driver license ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် တခုခုနဲ့ပြပြီးတော့မှ အဲ့ဒီမှာ အလွယ်တကူ မဲပေးနိုင်ကြတယ်။ နောက် မဲပေးတဲ့ဆီမှာကျတော့ ဒီပြည်နယ်မှာကျတော့ electronic စနစ်နဲ့ digital စနစ်နဲ့ သူတို့ ကျင့်သုံးတာပေါ့နော်။ သူက သေသေချာချာကို လူတယောက် မဲပေးတော့မယ်ဆိုရင် အဲ့ဒီ screen အကြီးကြီးရှိတယ်။ အဲဒီဥစ္စာကို လုံလုံခြုံခြုံ သူတို့ ကာရံထားပေးတယ်။ အခု ဒီပြည်နယ်မှာတော့ အားလုံး သူတို့ရွေးပေးရမှာက စုစုပေါင်း ၈ ယောက်တောင်ရှိတယ်။ ၈ ယောက်ဆိုတာက senate အမတ်အတွက် ၁ ယောက်၊ ပြီးတော့မှ house အတွက်က ၁ ယောက် မဲဆန္ဒနယ်တခုစီမှာပေါ့နော်။ ကျန်တာကတော့ အုပ်ချုပ်ရေးတို့၊ ကျောင်းအုပ်ချုပ်ရေးတို့ အဲ့လိုလူတွေကို သူတို့ရွေးပေးတာပေါ့။ ဆိုတော့ မဲရုံပြန်ထွက်လာတဲ့သူတွေကို သူတို့ မေးကြည့်တဲ့အခါကျတော့ အားလုံးက သူတို့ လွတ်လွတ်လပ်လပ်ပဲ အားလုံးက စိတ်တိုင်းကျ သူတို့မဲပေးခဲ့ကြတယ် အဲ့လိုမျိုး အခြေအနေပဲ တွေ့ရတယ်။”
မေး။ ။ အဲတော့ အမေရိကန် ပြည်ထောင်စုမှာ သမ္မတ အိုဘားမားကို လူကြိုက်နည်းလာတဲ့အချိန် အခုသက်တမ်းဝက် ရွေးကောက်ပွဲတွေမှာ လူထုဆန္ဒ သဘောထားပေးတဲ့ ပုံစံကိုရော ဘယ်လိုတွေ့ရလဲရှင့်။
ဖြေ။ ။ “လောလောဆယ်အနေအထားကတော့ အိုဘားမားကိုလည်း လူထုထောက်ခံမှု ကျနေတယ်ဆိုတာကို သူတို့ပြတယ်။ ဒါကလည်း ဒီအိုဘားမားမှမဟုတ်ဘူးပေါ့နော် သမ္မတ အများစုက ၂ ကြိမ်ဆက်ပြီးတော့ အရွေးခံရရင် နောက်ဆုံးကျန်တဲ့ ၂ နှစ်လောက်မှာဆိုရင် ဒီလိုပဲ လူထုထောက်ခံမှု ကျဆင်းတတ်တယ်ဆိုတဲ့ အနေအထားမျိုးကို ဒီက ဟို နိုင်ငံရေးကျွမ်းကျင်တဲ့ ပါမောက္ခတွေ ဘာတွေက ရှင်းပြကြတယ်။ ဆိုတော့ အခု အဲ့ဒီအနေအထား ရောက်တဲ့အခါမှာ တဘက်ကပြန်ပြီးတော့မှ သမ္မတကို လူကြိုက်နည်းနေတဲ့ အနေအထားအောက်မှာ ဒီမိုကရက်တွေကလည်း အဲ့ဒီဒဏ်ကို ခံရတဲ့သဘောတွေ အများကြီးရှိတယ်။”
အခုလို အမေရိကန် ရွေးကောက်ပွဲကို လေ့လာခွင့်ရတဲ့ အတွေ့အကြုံတွေကို မြန်မာနိုင်ငံအတွက် ပြန်ပြီး အသုံးပြုနိုင်ပုံကိုတော့ လေ့လာရေးခရီးစဉ်မှာ ပါဝင်သူတဦးဖြစ်တဲ့ မြစ်ကြီးနားသတင်းဂျာနယ်က ဆိုင်းဂျာကနေ အခုလို ပြောပြပါတယ်။
“ညီမတို့ ဒီမှာ သူတို့ ဘယ်လိုသတင်းယူပုံ ယူနည်းတွေကိုလည်း ညီမတို့ တွေ့ခဲ့ရတယ်ပေါ့။ ဒီရလာတဲ့ မဲအရေအတွက်တွေကိုလည်း ပွင့်ပွင့်လင်းလင်း ချပြတာကိုလည်း ညီမတို့ တွေ့ရတယ်။ သတင်းယူတဲ့အချိန်မှာလည်း လွယ်လင့်တကူပဲ သူတို့ သတင်းအချက်အလက်တွေကိုပေါ့နော် ရရှိတာ ညီမတို့ တွေ့ရတယ်။ ဒီဟာနဲ့ချိန်ထိုးပြီး ညီမတို့ မြန်မာပြည်ကို ပြန်သွားတဲ့အချိန်မှာလည်း သုံးလို့ရတဲ့အချက်တွေ အများကြီးရှိတယ်ပေါ့။ ဥပမာ - သူတို့ဒီမှာရှိတဲ့ လွှတ်တော်တွေရဲ့ အကြောင်းတွေကို သူတို့ဒီမှာရေးကြတယ်။ ဒါတွေက အရမ်းကိုအရေးကြီးတယ်။ ညီမတို့ဆီမှာက မလုပ်နိုင်သေးဘူးပေါ့နော်။ ဒါတွေကို ပြန်ရောက်တဲ့အချိန်မှာ ပြန်လုပ်မယ်။ အဲ့လိုမျိုးတွေတော့ တွေးမိတယ်ရှင့်။”
အမေရိကန် လွှတ်တော်သက်တမ်းဝက် ကြားကာလ ရွေးကောက်ပွဲကို လေ့လာဖို့ ဝါရှင်တန်ဒီစီအခြေစိုက် ICFJ နိုင်ငံတကာ သတင်းထောက်များအဖွဲ့ အစီအစဉ်နဲ့ မြန်မာသတင်းသမား ၁၅ ဦးအဖွဲ့ဟာ သတင်းနှစ်ပတ်ကြာ ရောက်ရှိနေပြီး ပါတီနှစ်ခု အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြရတဲ့ မြောက်ကယ်ရိုလိုင်းနားနဲ့ လူဝီစီယားနားပြည်နယ်တွေမှာ ရွေးကောက်ပွဲ သတင်းယူပုံယူနည်းတွေကို လေ့လာခဲ့ကြပါတယ်။