မနေ့က ကျင်းပခဲ့တဲ့ အမေရိကန် ပြည်ထောင်စုက လွှတ်တော် ရွေးကောက်ပွဲတွေမှာ အတိုက်အခံ ရီပတ်ဘလစ်ကန် ပါတီဘက်က သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) တို့ ဒီမိုကရက်တွေ ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်ကို လွှမ်းမိုး အနိုင်ရလိုက်ပါပြီ။
တိုင်းပြည်ရဲ့ စီးပွားရေး ကျဆင်း ကျပ်တည်းလာမှုတွေနဲ့ အစိုးရရဲ့ အသုံးစရိတ်တွေကို မကျေမနပ် ဖြစ်နေကြတဲ့ မဲဆန္ဒရှင် အမေရိကန် နိုင်ငံသားတွေက အတိုက်အခံ ရီပတ်ဘလစ်ကန် ပါတီဘက်ကို ထောက်ခံခဲ့ကြတာပါ။
မနေ့က ရွေးကောက်ပွဲမှာ အောက်လွှတ်တော်ကို လုံး၀ ထိန်းချုပ်နိုင်ဖို့ ရီပတ်ဘလစ်ကန်တွေဘက်က လိုအပ်နေတဲ့ အမတ်နေရာ ၃၉ နေရာထက် ကျော်လွန်ပြီး နေရာ ၆၀ မှာ အနိုင်ရခဲ့တာပါ။ အထက်လွှတ်တော် နေရာတွေမှာလည်း ရီပတ်ဘလစ်ကန်တွေဘက်က ထူးထူးခြားခြား အောင်မြင်မှုတွေ ရခဲ့ကြတယ် ဆိုပေမဲ့ အောက်လွှတ်တော်မှာလို အများစု အနိုင်ရတာမျိုးတော့ မဟုတ်ပါဘူး။
ရွေးကောက်ပွဲက ထွက်လာတဲ့ ရလဒ်တွေကိုကြည့်ပြီး အောက်လွှတ်တော်က လူနည်းစုခေါင်းဆောင် ဂျွန် ဘေနာ (John Boehner) က ဒီညကစပြီး အပြောင်းအလဲတွေ စတင်ပြီလို့ ရီပတ်ဘလစ်ကန်ပါတီ ထောက်ခံသူတွေကို မနေ့ညက ပြောခဲ့ပါတယ်။
ရီပတ်ဘလစ်ကန်တွေရဲ့ အောင်မြင်မှုကို ဂုဏ်ယူတဲ့အကြောင်း သမ္မတ အိုဘားမားက ဂျွန် ဘေနာကို မနေ့က ပြောဆိုခဲ့ပြီး အမေရိကန် ပြည်သူတွေအတွက် လုပ်စရာ ရှိတာတွေ ပြီးပြတ်အောင် လုပ်ကြဖို့ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန်တွေအကြား အများသဘောတူ လုပ်ဆောင်နိုင်မယ့် အခြေအနေတခုကို ရှာမှဖြစ်လိမ့်မယ်လို့လည်း သမ္မတက ပြောခဲ့ပါတယ်။
ဂျွန် ဘေနာဟာ အောက်လွှတ်တော်ရဲ့ သဘာပတိ နေရာကို ဝင်ယူမယ့်သူ ဖြစ်လာပါလိမ့်မယ်။
ရွေးကောက်ပွဲမှာ စိန်ခေါ်မှုတွေ အကြီးအကျယ် ဖြစ်နေခဲ့တဲ့ နဗားဒါးပြည်နယ်မှာတော့ အထက်လွှတ်တော်က လူများစုခေါင်းဆောင် ဟယ်ရီ ရိဒ် (Harry Reid) ပဲ ဆက်ပြီး အနိုင်ရခဲ့ပါတယ်။ သူပေးထားတဲ့ ကတိတွေအတိုင်း အမေရိကန် ပြည်သူတွေအတွက် ဆက်ပြီး လုပ်ဆောင်သွားပါ့မယ်လို့ ဆိုပါတယ်။
အခုရွေးကောက်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲဟာ သမ္မတ အိုဘားမားရဲ့ အစီအစဉ် ဆောင်ရွက်မှုတွေကို စိန်ခေါ်မှုတွေ အကြီးအကျယ် ဖြစ်လာစေပါလိမ့်မယ်။
ဒီနှစ်အတွင်း သမ္မတက အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စတွေ အပါအဝင် သမ္မတ အိုဘားမားရဲ့ အစီအစဉ်တွေကို ရီပတ်ဘလစ်ကန်တွေက အပြင်းအထန် ကန့်ကွက်ခဲ့တာပါ။
လွှတ်တော် ရွေးကောက်ပွဲတွေက ထွက်ပေါ်လာတဲ့ ရလဒ်ကို ဆွေးနွေးဖို့ လာမယ့် ဗုဒ္ဓဟူးနေ့ကျရင် သမ္မတ အိုဘားမားက သတင်းစာ ရှင်းလင်းပွဲ လုပ်ပါလိမ့်မယ်။